ယနေ့ (၁၀-၁၀-၂၀၂၅) ရက်နေ့သည် ကျွန်တော် နောင်တော်လေး (ဘိုကလေး) ၏ အသက် (၃၈)နှစ်ပြည့် မွေးနေ့ ဖြစ်ပါသည်။ ကျွန်တော့်အတွက်မူ ၃၈ ဟူသော နှစ်သည် ထူးခြားသည့် ကာလအပိုင်းအခြား ဖြစ်ခြင်းကြောင့် ဘဝခရီးတစ်လျှောက် မမေ့သင့် မမေ့အပ်သည်များကို မမေ့မလျော့ မှတ်တမ်းတင်အပ်ပါသည်။
ဦးစွာ အနန္တော အနန္တငါးပါးကို ဦးထိပ်ပန်ဆင် ရှစ်ခိုးကန်တော့ပါ၏။ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သော ကျွန်တော့်အပေါ် ငယ်ရွယ်စဉ်အချိန်မှစ၍ ယနေ့တိုင်အောင် ကျေးဇူးပြုဖူးသော ကျေးဇူးရှိသော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များစွာ ရှိပါ၏။ အခက်အခဲ အကြပ်အတည်းများ ကြုံတွေ့နေရချိန်တွင် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်များကို လည်း မမေ့မလျော့ ရှစ်ခိုးကန်တော့ပါ၏။
ကျွန်တော် ဆယ်တန်းတက်ရမည့်နှစ် ကျောင်းစရိတ်မတက်နိုင်၍ တစ်နှစ်လုံးလုံး ကျောင်းစရိတ်၊ စားစရိတ် အစစ အရာရာ ကူညီပေးခဲ့သော ဆရာမအားလည်းကောင်း၊ ထိုမှတဖန် ဆရာမအား ခြေစုံကန်၍ ကိုယ်တိုင်အလုပ်လုပ် အဝေးသင်တက္ကသိုလ် တက်နေရချိန်တွင် ကူညီပေးခဲ့ဖူးသော ဆရာအားလည်းကောင်း အထူးပြု၍ ကန်တော့ပါ၏။ ဆရာမနှင့် ဆရာတို့က ဆိုဆုံးမသည်မှာ ငါတို့က မင်းတို့ကို ကူညီတာ ဘာမှ မျှော်လင့်၍မဟုတ်၊ မင်းတို့ အဆင်ပြေ၍ ကြီးပွားလာသော် မင်းတို့ကဲ့သို့ အခက်အခဲရှိသူများကို လက်ဆင့်ကမ်း ကူညီကြရန်သာ ဖြစ်သည် ဆို၏။ ဆရာမနှင့် ဆရာတို့အား ကျေးဇူးမတုန့်ပြန်နိုင်သည့်တိုင်အောင် ဆရာမ၊ ဆရာတို့၏ ဆုံးမချက်နှင့်အညီ မိမိပတ်ဝန်းကျင် အမြင်မတော်၍ ကူညီရမည်ဆိုလျှင် မိမိတတ်စွမ်းသမျှ ကူညီပေးပါသည်။
မိမိသည် ဆရာမနှင့် ဆရာတို့၏ အကူအညီကိုယူ၍ ကွန်ပျူတာပညာရှင်တစ်ယောက် ဖြစ်ရန် ရည်ရွယ်ခဲ့သော်လည်း နိုင်ငံရေးစာပေများကို ဖတ်ရှုရာမှ နိုင်ငံရေးပိုးဝင်၍ မိမိရည်ရွယ်ချက်ပန်းတိုင်ကို မရောက်ဘဲ စာရေးခြင်း၊ သတင်းလိုက်ခြင်း အစရှိသော အလုပ်များကို လုပ်ရန် စိတ်အားထက်သန်ဖြစ်လာသည့်အလျှောက် ၂၀၁၀ အစောပိုင်းတွင် ဆောင်းပါးများ ရေးသားခြင်းမှ အစတည်၍ မီဒီယာနယ်ပယ်သို့ ရောက်ခဲ့ရ၏။
ထိုမှတဖန် ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပေါ်ခဲ့သော ခိုးဝင်ဘင်္ဂလီများ၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးမှုများကို မြင်တွေ့၊ ကြားသိလာရသည့်အခါ မီဒီယာနယ်ပယ်မှ ထွက်၍ ဆရာတော်သံဃာတော်များ ဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားမှု ခေါင်းစဉ်အောက်တွင် အစဉ်တစိုက် ပါဝင်ခဲ့ပါ၏။
မိမိလှုပ်ရှားဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို ပြန်လည်ရှာဖွေကြည့်သည့်အခါ အင်းစိန်မြို့နယ်တွင် ပထမဆုံး ဦးဆောင်၍ အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ကို ကန့်ကွက်ခဲ့သည့် မှတ်တမ်း၊ လေဆိပ်အနီး ဆရာတော်များနှင့် သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့သည့်မှတ်တမ်းများကို တွေ့မြင်ရပါ၏။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကျွန်တော်တို့ လူငယ်များအနေဖြင့် မြန်မာ့အမျိုးသားရေးကွန်ရက် ကို စတင်ဖွဲ့စည်း၍ အမျိုးသားရေးအသိပညာပေး ဟောပြောမှုများကို ဆောင်ရွက်ခဲ့ကြသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကာကွယ်ရေး လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့သော လှုပ်ရှားမှုများကြောင့် နီပိန်းများနှင့် အကြီးအကျယ် သဘောထားကွဲလွဲသည့် အခြေအနေသို့ ရောက်ရှိကာ နီပိန်းများနှင့် ပြည်ဖျက်မီဒီယာများ၏ ထိုးနှက်ခြင်းကို အစဉ်သဖြင့် ရင်ဆိုင်ခဲ့ကြရသည်။
ထိုမှတဖန် NLD အစိုးရလက်ထက်သို့ ရောက်ရှိလာသောအခါ အမျိုးသားရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မများတပ်၍ဖမ်းဆီးသည့်အထဲတွင် ဆရာရေးသူလည်း ပါဝင်ခဲ့သည်။ ဆရာတော်သံဃာတော်များကိုပါ ဖမ်းဆီးထောင်ချခဲ့သည်။ ဤသည်ကား ဘဝတကွေ့၏ ထူးခြားသော သင်ခန်းစာဖြစ်၏။ ကိုဝင်းကိုကိုလတ် နှင့် စာရေးသူမှာ အခြားသူများထက် ထူးခြားပြီး ငြိမ်းစုစီ ပုဒ်မ (၁၉)၊ ၅၀၅(ခ) တို့ဖြင့် ကမာရွတ်၊ ဗဟန်း နှစ်မြို့နယ်မှ အပြိုင်တရားစွဲဆိုခြင်းကြောင့် နှစ်ထပ်ကွမ်း ကျခံခဲ့ရသည်။
ထိုမှတဖန် ထောင်မှ ပြန်လွတ်လာသည့်အခါ မီဒီယာနယ်ပယ်တွင် ပြန်လည်အခြေချ၍ မိမိတတ်ကျွမ်းသည့် မီဒီယာအလုပ်ဖြင့် ပြန်လည်ရပ်တည်ရန် ဆုံးဖြတ်ပြီး မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီကို ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရားဝင်မှတ်ပုံတင်ပြီး ရပ်တည်ခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော့်အတွက် (၃၈)နှစ်ဟူသည် အဘယ်ကြောင့် ထူးခြားနေသနည်း -
ဆယ်တန်းအောင်ပြီးသည့်နှစ်၊ မိဘများ၏ အလုပ်တွင် ကူညီလုပ်ကိုင်နေစဉ် အလုပ်အကိုင် အဆင်မပြေမှု အကြပ်အတည်းများနှင့် ကြုံတွေ့ရသည်။ အလုပ်ကိုင်အခွင့် အလမ်းများပွင့်လန်းလာသည့်အချိန်တွင် မိခင်ဖြစ်သူသည် နှလုံးရောဂါ အစရှိသော ပြင်းထန်သည့် ဝေဒနာများကို ခံစားရပြီး ရုတ်တရက် ကွယ်လွန် အနိစ္စ ရောက်ခဲ့ရသည်။ မိခင် ကွယ်လွန်သည့်အချိန်တွင် အသက် (၃၈)နှစ်သာ ရှိသေးသည်။ သား(၃)ယောက်၏ စားဝတ်နေရေး၊ ပညာရေးအတွက် ဘဝကို စတေး၍ အပြင်းအထန် ကြိုးစားရုန်ကန် ရှာဖွေကျွေးမွေးခဲ့သော မိခင်သည် လူ့လောကတွင် အသက်မရှည်၊ ငယ်ရွယ်နုပျိုစဉ်မှာပင် ရောဂါဘယ နှိပ်စက်မှုကြောင့် လူ့လောကမှ စောစီးစွာ နှုတ်ဆက်သွားခဲ့ရသည်။ ကျွန်တော်၏ မွေးမိခင်သည် သူ၏ ဘဝကို သား(၃)ယောက်အတွက် ပေးဆပ်ခဲ့၏။ ယနေ့ ကျွန်တော်သည် မိခင်ထက် လူ့လောကတွင် အသက်ရှည်စွာ နေရမည့် အခြေအနေကို မြင်ရ၏။ အမေပေးသော ပညာ၊ အမေပေးသော အသိတရားများဖြင့် အများပြည်သူကို တတ်စွမ်းသမျှ အကျိုးပြုနိုင်သူ ဖြစ်ရပါလို၏။
မိမိတတ်စွမ်းသမျှ ဒါနပြုသည့်အခါတိုင်း မိခင်အား ရည်စူး၍လည်း လှူဒါန်းပါ၏။ မိခင်ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ကျော် ကြာသည့်တိုင်အောင် ပြုပြုသမျှ ကုသိုလ်ကောင်းမှုအစုစုအတွက် မိခင်နှင့် တကွ အဖိုးအဖွားများအားလည်းကောင်း၊ ကိုယ်စောင့်နတ် အိမ်စောင့်နတ် ခြံစောင့်နတ် နတ်မြတ် နတ်ကောင်း တို့အားလည်းကောင်း၊ ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော သုခိတ၊ ဒုက္ခိတ သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါ၏။
မြတ်စွာဘုရား၏ ဂုဏ်တော်များအား ရွတ်ဆိုပူဇော်၍ တိုင်းရင်းသားပြည်သူများအား ကူညီထောက်ပံ့ပေးကမ်းနိုင်သော ပုဂ္ဂိုလ်ဖြစ်ရပါလို၏ ဟူ၍သာ သစ္စာပြုပါ၏။
မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဘေးရန်ဟူသမျှ ကင်းပပါစေ
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment