နိုင်ငံရေးသမားအဖြစ် မြင်တွေ့လာရမယ့် ဦးသက်ပုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးသမားအဖြစ် မြင်တွေ့လာရမယ့် ဦးသက်ပုံ








မြန်မာပြည်မှာ နှစ်ပေါင်းများစွာကြာမှ တစ်ခါသာ ဖြစ်လေ့ရှိတဲ့ အင်အားပြင် ငလျင်လှုပ်ခတ်မှု၊ ငလျင်ဒဏ်ကြောင့် များစွာသော ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ငလျင်ဘေးဒဏ်နဲ့အတူ ငလျင်ဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများမှာ ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရတဲ့ ဗိုလ်ချုပ် သက်ပုံ -

ငလျင်ဘေး ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ကြည့်ရင် ဗိုလ်ချုပ် သက်ပုံရဲ့ အခန်းကဏ္ဍကိုလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး။ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှာ ငလျင်ဘေးဒဏ် ဆိုးရွားစွာ ခံခဲ့ရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နေ့မနား၊ ညမအား လုပ်ဆောင်ရာမှာ အဓိက ကွပ်ကဲဆောင်ရွက်ခဲ့သူဟာ ဗိုလ်ချုပ် သက်ပုံဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အားလုံးနဲ့လက်တွဲပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးခဲ့သူဆိုရင်လည်း မမှားပါဘူး။

အခုနောက်ပိုင်း ဗိုလ်ချုပ်သက်ပုံကို လူမြင်ကွင်းက ပျောက်ကွယ်တယ်လို့ ခံစားမိပါတယ်။ တပ်မတော်အရာရှိများ ဆိုသည်မှာလည်း ယခုအခါ ဒီနေရာမှာ တာဝန်ထမ်းဆောင်နေပေမယ့် အခြေအနေနဲ့ အချိန်အခါ လိုအပ်ချက်အရ တခြားကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အခြား တာဝန်နဲ့များ ပြောင်းရွှေ့သွားသလားလို့ ထင်မိတာပါ။ သို့သော် မဟုတ်ပါဘူး။ ငလျင်ဘေးဒဏ်သင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ် သက်ပုံဟာ တပ်မတော်ကနေ အနားယူပြီး နိုင်ငံရေးနယ်ပယ်ကို ပြန်လည်ခြေချလာတော့မှာ ဖြစ်ပါတယ်။ 

ပြည်ဖျက်မိစ္ဆာတွေကတော့ တပ်မတော်အရာရှိတွေ အရပ်ဘက်ပြောင်းလာပြီဆိုရင် အကြောင်းအမျိုးမျိုးရှာပြီး ဝေဖန်ထိုးနှက်ကြလေ့ ရှိပါတယ်။ သဘောကတော့ တပ်မတော်သားဆိုတာကလည်း တိုင်းရင်းသား မိဘပြည်သူများက မွေးဖွားခဲ့တဲ့ နိုင်ငံသား (ပြည်သူ) ပဲ ဖြစ်ပါတယ်။ မိမိ၏ ဆန္ဒအလျှောက် တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့အခါ မိမိတို့ရဲ့ ကြိုးစားမှု၊ ရိုးသားမှု ဒါတွေကို အခြေခံပြီး အဆင့်ဆင့်သော တာဝန်တွေကို ထမ်းဆောင်ကြရတာ ဖြစ်ပါတယ်။ တပ်မတော်က အငြိမ်းစားယူရင် သူတို့သည်လည်း ပြည်သူပဲ ဖြစ်ပါတယ်။ သူတို့ကတော့ သာမာန်ပြည်သူတွေထက် ပိုပြီး တိုင်းရေးပြည်ရာကို မျှော်တွေးထောက်ရှုနိုင်စွမ်းရှိမယ်၊ နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေအပေါ် ပိုမိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမယ်။ ဒါက တပ်မတော်ထဲမှာ အရာရှိအဖြစ်၊ တပ်မတော်သား အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံများကနေ ရရှိခဲ့တဲ့ အသိပညာ၊ အတတ်ပညာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ် သက်ပုံကတော့ လက်တလော အများပြည်သူ ကြုံတွေ့ခံစားခဲ့ရတဲ့ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ကာလမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လက်တွေ့ကျကျ ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်၊ အားနည်းချက် အစရှိတာတွေကို သိမြင်နားလည်ထားသူလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

အခုတော့ ဗိုလ်ချုပ် သက်ပုံက ပြည်ခိုင်ဖြိုး ရင်ထိုးနဲ့ ဦးသက်ပုံအဖြစ် ပြည်သူလူထုကြားထဲကို နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ တကျော့ပြန် ဝင်ရောက်လာမယ့် သဘောဖြစ်ပါတယ်။ ဦးသက်ပုံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ "စစ်ကိုင်း... 

စစ်ကိုင်းဟာ အညာမြေရဲ့ အသည်းနှလုံး

ကျွန်တော်တို့ စစ်ကိုင်းသားတွေရဲ့ နွေးထွေးတဲ့ အိမ်ပါ။

“သံတံတိုင်း စစ်ကိုင်းတည်” စစ်ကိုင်းမြို့တည် နန်းတည် နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပြီ

သမိုင်းလှပခဲ့တဲ့၊ အစဉ်အလာ ကြီးမားခဲ့တဲ့ ဒီမြို့ကို ကျွန်တော်တို့ဟာ အမြဲတမ်း ဂုဏ်ယူခဲ့ကြပါတယ်။

ဒါပေမဲ့... ၂၀၂၅ ခုနှစ် မန္တလေး ငလျင်ကြီးဟာ အညာရဲ့ အသည်းနှလုံးကို ရက်စက်ကြမ်းတမ်းစွာ ဖဲ့ခြွေခဲ့ပါတယ်။

အရေးကြုံရင် သွေးနီးတယ်ဆိုတဲ့ စကားအတိုင်း... အဝေးတစ်နေရာမှာ ရှိနေတဲ့ စစ်ကိုင်းသား ကျွန်တော်ဟာ နိုင်ငံတော်ရဲ့ တာဝန်ပေးချက်နဲ့အတူ ချစ်ရတဲ့ စစ်ကိုင်းမြို့ကို ကူဖို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ကျွန်တော် ကြီးပြင်းခဲ့ရာ နွေးထွေးတဲ့ အိမ် စစ်ကိုင်းမြို့လေး ဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတာကို မြင်တွေ့ရတဲ့အခါ ရင်ထဲမှာ ဆို့နင့်နာကျင်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ စစ်ကိုင်းသူ၊ စစ်ကိုင်းသားများလည်း ငလျင်ကြီးကြောင့် ထိခိုက်နာကျင်ခဲ့ကြရတယ်။

ပျက်စီးသွားတဲ့ စစ်ကိုင်းကို ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။

ရင်ဘတ်ချင်း အနီးဆုံးရှိတဲ့ စစ်ကိုင်းသူ၊ စစ်ကိုင်းသား တို့နဲ့အတူ ကျွန်တော်တို့ရဲ့ အသည်းနှလုံးကို ပြန်လည်တည်ဆောက်ရမယ်။

တည်ဆောက်ခဲ့တယ်။ တည်ဆောက်နေဆဲပဲ။

ကျွန်တော်ယုံကြည်ပါတယ်... စစ်ကိုင်းဟာ ပြန်လည် နိုးထနိုင်စွမ်းရှိတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့ စစ်ကိုင်းသားတို့ရဲ့ စည်းလုံးမှုနဲ့ စိတ်ဓာတ်ခွန်အားဟာ ကျွန်တော်တို့ ဒေသကို ယခင်ကထက် ပိုမို ဖွံ့ဖြိုးတိုးတက်စေလိမ့်မယ်၊ အားလုံးအတူတကွ လက်တွဲချီတက်ကြပါစို့။"

ဒါကတော့ အမှန်တကယ် လိုအပ်နေတဲ့ လိုအပ်ချက်ကို ထင်ဟပ်ပြီး ဦးသက်ပုံက ညီညွတ်ရေးကို ရေးရှု၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ် လုပ်သွားမယ့် သဘောကို ပြဆိုလိုက်ခြင်း ဖြစ်ပါတယ်။ 

ဦးသက်ပုံက "ကျွန်တော့် ဘဝ အတွေ့အကြုံများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ (လေးစားစရာ ပညာရေးဝန်ထမ်းတစ်ဦး) အကြောင်းကို ရေးသားပြဆိုထားပါတယ်။

"ဒီမနက် ရုံးကိုလာရင်း ရုံးရှေ့မှာ မားမားမတ်မတ် စိုက်ထူထားတဲ့၊ လေထဲမှာ တလွင့်လွင့်နဲ့ အင်မတန် ကြည့်ကောင်းနေတဲ့ နိုင်ငံတော်အလံကို မြင်မိတဲ့အခါ ကျွန်တော် ကရင်ပြည်နယ်မှာ တပ်မမှူးဘဝနဲ့ စစ်ဆင်ရေးတာဝန် ထမ်းဆောင်တုန်းက အဖြစ်အပျက်လေးတစ်ခုကို ပြန်သတိရမိသွားပါတယ်။ အဲ့ဒီအချိန် ကျွန်တော် တာဝန်ယူရတဲ့ စစ်ဆင်ရေးနယ်မြေထဲမှာ မဲသဝေါဒေသအစွန်း၊ မာနယ်ပလောလို့ ခေါ်တဲ့ ပွိုင့် ၉၁၃ စခန်းနဲ့ ဆင်ဖြူတောင်စခန်းကြားမှာ နို့ဒေးဆိုတဲ့ ရွာလေးတစ်ရွာ ရှိပါတယ်။ မျက်လုံးထဲ မြင်အောင် ပြောရရင် သုမွဲထမြစ်ဆုံနားပေါ့။ အဲ့ဒီအချိန်၊ အဲ့ဒီဒေသက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ အရပ်သားတွေ မပြောနဲ့ တပ်မတော်သားတွေတောင် တော်တော် ခက်ခက်ခဲခဲ သွားရတဲ့ကာလ ဖြစ်ပါတယ်။ တစ်ရက်မှတော့ စစ်ဆင်ရေးနယ်မြေထဲ စခန်းတွေစစ်ဆေးရင်း နို့ဒေးရွာလေးကို ကျွန်တော် ရောက်သွားခဲ့ပါတယ်။ ရောက်သွားတယ်ဆိုတာထက် ခရီးတစ်ထောက်နားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ တကယ်တော့ အဲ့ဒီရွာက နိုင်ငံအုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်တဲ့၊ မစိုးမိုးနိုင်တဲ့ ဒေသတစ်ခုပါ။ တစ်ဖက်အဖွဲ့အစည်းက လွှမ်းမိုးထားတဲ့ နေရာပေါ့။

ဒါပေမဲ့ အံ့ဩစရာကောင်းနေတာက အဲ့ဒီရွာမှာ "စာသင်ကျောင်းလေးတစ်ကျောင်းနဲ့ သတ္တိခဲ နိုင်ငံဝန်ထမ်း ဆရာမလေးတစ်ယောက်" ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ နယ်မြေခံတပ်ရင်းမှူးကို "ရောက်တုန်းရောက်ခိုက် စာသင်ကျောင်းကို သွားကြည့်ပြီး ဒို့ တတ်နိုင်တာတွေ လုပ်ပေးရအောင်ကွာ" ဆိုတော့ ကျွန်တော့်တပည့်တွေလည်း အပြေးအလွှားပေါ့။ ဒီတော့ ကျွန်တော်က ကျောင်းကို ဘာမှ ကြိုမပြောဖို့၊ ဘာမှ မပြင်ဆင်ခိုင်းဖို့ ပြောခဲ့ပါတယ်။ စာသင်ကျောင်းကို ရောက်သွားတော့ ကျွန်တော်တွေ့လိုက်ရတာက အဖြူအစိမ်းကို သေသေသပ်သပ်ဝတ်ထားတဲ့ အသက် ၂၀ ကျော် ကျောင်းဆရာမလေးတစ်ယောက်က အံ့ဩတဲ့မျက်နှာလေးနဲ့ ကျွန်တော်တို့အဖွဲ့ကို ကြည့်နေတာပါပဲ။ ပြောလည်း ပြောရှာပါတယ်။ "ကျေးဇူးတင်ပါတယ် အဘ။ အဘက ကျွန်မကျောင်းလေးကို ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံဝန်ထမ်းပါ" တဲ့။ သူမကို ကြည့်တော့ လူပုံက ပိန်ပိန်ပါးပါးဆိုပေမဲ့ မျက်နှာမှာက သတ္တိတွေ၊ ရဲရင့်မှုတွေ အပြည့်။ သူမကို မြင်တော့ ကျွန်တော့် မေမေကို သတိရသွားတယ်။ မေမေလည်း ဒီလို ဆံထုံး၊ ဒီလိုရဲရင့်မှုတွေနဲ့ ဒီလိုယူနီဖောင်းကို ဝတ်ပြီး စာသင်ခဲ့တဲ့ ကျောင်းဆရာမ တစ်ယောက်မဟုတ်လား။

ဒီတော့ ကျွန်တော်က "သမီး နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား ဆိုတာ လာကြည့်တာ။ အဘကလည်း ပညာရေးဝန်ထမ်း သားသမီးပဲ။ အဘရဲ့အမေက နိုင်ငံဝန်ထမ်း အထက်တန်းပြ ကျောင်းဆရာမ။ ဒါကြောင့် အဖြူအစိမ်းနဲ့ ဆရာ၊ ဆရာမတွေမြင်ရင် ငယ်ငယ်က မေမေနဲ့အတူ ကျောင်းလိုက်သွားရင်း ဆရာ၊ ဆရာမတွေ ကျွေးတဲ့ မုန့်တွေစား၊ စာသင်ခန်းတွေထဲ ပတ်ကစားတာတွေကို ပြန်သတိရတာ" လို့ဆိုတော့မှ သူမမျက်နှာပေါ်က စိုးရိမ်မှု လျော့သွားတာကို တွေ့လိုက်ရပါတယ်။ အမှန်တကယ် သူမအရွယ်က ကျွန်တော့်သားအကြီးကောင်ထက် အလွန်ဆုံးကြီးမှ ၄/၅ နှစ်ပေါ့။ ကျွန်တော့် သားသမီးအရွယ်၊ တကယ့် သတ္တိခဲဆရာမလေးပါပဲ။ ဒီရွာမှာက တပ်စခန်းလည်း အခြေစိုက်ထားတာမရှိ။ ရဲနဲ့ အုပ်ချုပ်ရေးဝန်ထမ်းဆိုတာလည်းမရှိ။ နိုင်ငံဝန်ထမ်းဆိုလို့ ဒီတစ်ရွာလုံးမှာ သူတစ်ယောက်တည်း။ အဲ့ဒီအချိန်ပြောရရင် တကယ့် ဆန့်ကျင်ဖက် လက်နက်ကိုင်တွေကြားထဲမှာ။ 

ပိုပြီး ထူးဆန်းတာက တစ်ယောက်တည်းရှိတဲ့ ဆရာမ သတ္တိအင်မတန် ကောင်းပုံက တကယ့် ကရင်လက်နက်ကိုင် တပ်တွေကြားထဲမှာ နိုင်ငံတော်အလံကို ရဲရဲလွှင့်ထူထားတာပဲ။ အချိန်က ငြိမ်းချမ်းရေးယူထားတဲ့အချိန်မဟုတ်။ အပစ်အခတ် ရပ်ထားတာလည်း မဟုတ်။ ဘယ်စာသင်ကျောင်းမပြောနဲ့ တပ်စခန်းတွေမှာတောင် နိုင်ငံတော်အလံလွှင့်ရင် ခဏခဏ လာပစ်ခံနေရတဲ့ကာလ၊ မငြိမ်းချမ်းတဲ့ကာလ ဖြစ်ပါတယ်။

ဒါနဲ့ "ဆရာမ နိုင်ငံတော်အလံလွှင့်တော့ တစ်ဖက်က ဘာမှ မပြောဘူးလား၊ မကြောက်ဘူးလား" လို့ မေးတော့ 

သူမက "ဒီစာသင်ကျောင်းလေးက အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်ဧရိယာ။ အလံလွှင့်ထားလို့ မကြောက်ဘူး။ အလံမမြင်ရရင်တော့ ကြောက်စိတ်ဝင်တယ် အဘ။ အလံမထောင်ဖို့ ခဏခဏ လာပြောပေမဲ့ သတ်ချင်သတ်လိုက်၊ အလံတော့ဖြုတ်မပေးနိုင်ဘူး။ ကျွန်မသေလို့ ဘာမှမဖြစ်ဘူး။ ကျွန်မသေရင် ဒီရွာရဲ့ ပညာရေးအနာဂတ် ပျက်သွားလိမ့်မယ်။ ကျွန်မအရင်က ဆရာတစ်ယောက်မှ မလာရဲဘူး။ သူတို့ ကလေးတွေ အနာဂတ်ကိုမှ မတိုးတက်စေချင်ရင်  ကြိုက်တာလုပ်လို့ရတယ် လို့ ပြောထားတယ် အဘ" တဲ့။ တကယ့် လေးစားဖို့ကောင်းတဲ့ ဆရာမလေးပါပဲ။

အစက ကျောင်းအခြေအနေလေး ခဏကြည့်ပြီးတာနဲ့ ပြန်ဖို့တွေးထားပေမဲ့ ပညာရေးဝန်ထမ်း ဆရာမလေးရဲ့ စိတ်ဓာတ်ကို လေးစားတဲ့အတွက် "ကျောင်းအဆောက်အအုံ ပြင်ဆင်ဖို့၊ ကျောင်းအမိုးပျက်တာတွေ အမြန်ဆုံး ပြင်ပေးဖို့နဲ့ ပြီးစီးမှုတွေ နေ့စဉ် တင်ပြဖို့" သက်ဆိုင်ရာ နယ်မြေခံတပ်မှူးကို ညွှန်ကြားခဲ့ပါတယ်။ 

ကျွန်တော့် ဦးစီးအရာရှိတွေကိုလည်း ကျောင်းကို မှတ်တမ်းဓာတ်ပုံရိုက်ဖို့၊ ဘားအံရောက်တာနဲ့ တိုင်းအစိုးရကို ဆက်သွယ်ပြီး ဒီကျောင်းလေး အခြေအနေတင်ပြကာ လိုအပ်တာတွေ ပံ့ပိုးပေးဖို့ ပြောခဲ့ပါတယ်။

နယ်မြေခံတပ်ရင်းမှူးကိုလည်း "ဒီဆရာမလေးက တို့နှမ၊ တို့ညီမ၊ တို့သားသမီးလေးကွ။ နိုင်ငံဝန်ထမ်း အချင်းချင်း ကြည့်ရှုစောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်။ မင်း ရိက္ခာထုတ်တိုင်း လိုတာတွေ ကြည့်ရှုစောင့်ရှောက်ပေးပါ။ နယ်မြေလုံခြုံရေး ပတ်ကင်းတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ဖို့ ပြောလိုက်ပါ။ ဒီအတွက် လိုတာရှိရင် တပ်မကို တင်ပြကွာ" လို့ ညွှန်ကြားခဲ့လိုက်ပါတော့တယ်။ တကယ့်တော့ ဝန်ထမ်းဆိုတာ နိုင်ငံတော်ရဲ့ အားပါပဲ။ ဝန်ထမ်းကောင်းတွေ ရှိခြင်းဟာ နိုင်ငံတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ ဒီလို သတ္တိခဲ ဝန်ထမ်းတွေ၊ သတ္တိခဲ ဆရာမတွေ ကျွန်တော်တို့နိုင်ငံမှာ များစွာရှိတယ်ဆိုတဲ့အကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ရပါတယ်။" ဆိုပြီး နိုင်ငံဝန်ထမ်းကောင်း ဆရာမလေးတစ်ယောက် အကြောင်းကို မျှဝေပေးထားပါတယ်။

ဒီအချိန် ဒီကာလ အခြေအနေကို အများပြည်သူ သိကြတဲ့ အတိုင်းပဲ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး နိုင်ငံဝန်ထမ်းတွေလည်း ကျင့်ဝတ်စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ကြတယ်။ သူတို့ကိုယ်တိုင် ဖျက်လို့မှ အားမရနိုင်ဘဲ ကျောင်းသားလူငယ်တွေကိုပါ အမိုက်ဇာတ်သွင်းခဲ့တဲ့အတွက် ယနေ့ လူငယ်တချို့ဟာ နိုင်ငံရေးအစွန်းရောက်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရားကို စော်ကားဖို့လည်း ဝန်မလေးဘူး။ သံဃာတော်တွေကို သတ်ဖြတ်ခဲ့သည်အထိပေါ့။ မိဘတွေကို ပြန်စော်ကားတဲ့ ဖြစ်ရပ်တွေ၊ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်လည် သုံးသပ်ကြည့်ပါ။ 

အထက် ဖော်ပြပါ ဦးသက်ပုံရဲ့ တပ်မမှူးဘဝ တွေ့ခဲ့ မြင်ခဲ့ရတဲ့ ဆရာမလေးတစ်ယောက်ရဲ့ သတ္တိမျိုးက တွေ့ရခဲ မြင်ရခဲတဲ့ အခြေအနေပါ။ ယနေ့အချိန်မှာလည်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝကို အညွန့်မကျိုးစေလိုတဲ့ စိတ်ဓာတ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းကောင်းတွေ ရှိနေပါသေးတယ်။ သို့သော် ခေတ်ကာလ အရ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ဟာ အဆိုးဆုံး အခြေအနေအထိ ရောက်လာတယ်။ အဲဒီလို ဆရာမလေးမျိုးကို ယနေ့ခေတ် အကြမ်းဖက်သမားတွေသာဆိုရင် လက်စတုန်း လုပ်ပစ်ကြမှာကို မြင်ယောင်နေမိတယ်။

ဒါတွေက အများပြည်သူ သင်ခန်းစာယူသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးမှာက ပြည်ပသြဇာခံ ပြည်ဖျက်ချင်တဲ့ နိုင်ငံရေးသမားများက တပ်မတော်အရာရှိများကို အစဉ်သဖြင့် ထိုးနှက်တိုက်ခိုက်နေကြတယ်။ တပ်မတော် အရာရှိတွေကပဲ ပြည်သူလူထုအပေါ် ဂုပ်သွေးစုပ်သလို အများပြည်သူ ထင်မြင်ယူဆလာအောင် ပြည်ဖျက်မီဒီယာတွေကနေ နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေကြတာပါ။ တပ်မတော်အရာရှိတိုင်းက ကိုယ်ကျိုးရှာနေတာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းတိုင်းမှာ လူကောင်း၊ လူဆိုး ဆိုတာ ရှိစမြဲပါပဲ။ ပြန်လည်ထောက်ရှုဆင်ခြင်ကြည့်မယ်ဆိုရင် NLD အစိုးရလက်ထက်အခြေအနေ၊ အရပ်သား အစိုးရလို့ ကြွေးကြော်ခဲ့တယ်ပေါ့။ အဲဒီ အရပ်သားအစိုးရလက်ထက် မှာ အစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ အစရှိသော ပုဂ္ဂိုလ်များက စပြီး အဂတိလိုက်စားကြတယ်။ အခု ထောင်နန်းစံနေကြရတာလည်း အဂတိလိုက်စားမှုတွေကြောင့်ပဲ မဟုတ်ပါလား။

ဆိုတော့လေ တပ်မတော်အရာရှိ ဖြစ်စေ၊ အရပ်ဘက်က နိုင်ငံရေးသမားဖြစ်စေ ကိုယ်ကျိုးရှာလိုသူက ရှာကို ရှာတာပါပဲ။ တပ်မတော်အရာရှိများထဲမှာလည်း အများပြည်သူအကျိုးကို ရှေးရှုသူ ရှိသလို ကိုယ်ကျိုးသာ ရှေးရှုသူတွေ ရှိပါလိမ့်မယ်။ အရပ်သား နိုင်ငံရေးသမား ဆိုသူများထဲမှာလည်း ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ ရှိတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ယနေ့ တိုင်းပြည်မှာ အကြမ်းဖက်ဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အရပ်ဘက်က နိုင်ငံရေးသမားတွေရဲ့ လက်ချက်ပဲ မဟုတ်ပါလား။

ဒေသဖွံ့ဖြိုးရေး၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး၊ စစ်ကိုင်းကို ချစ်တဲ့ စစ်ကိုင်းသားတစ်ယောက်၊ တပ်မတော်အရာရှိတစ်ဦးအနေနဲ့လည်း ဘေးဆိုး အန္တရာယ်ဆိုးတွေ ကြုံတွေ့ခဲ့ရတဲ့ ပြည်သူများအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူတစ်ဦး တပ်မတော်က အနားယူပြီးချိန်မှာလည်း အများပြည်သူကို နိုင်ငံရေးသမားတစ်ဦး အနေနဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်မှာကို မြင်တွေ့ရခြင်းကြောင့် နိုင်ငံရေးသမားအဖြစ် မြင်တွေ့လာရမယ့် ဦးသက်ပုံ စစ်ကိုင်းမြို့သာမက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)