မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၂၃

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂ဝ၂၅)ဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံတွင် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ခြင်း(Establishment of a Soybean Processing Plant through Research and Development for Cooking Oil and Soybean Meal Sufficiency in Myanmar) စီမံကိန်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ယခင်စီမံကိန်း၏ အောင်မြင်မှုအတွေ့အကြုံများအပေါ် အတွေ့အကြုံရယူ၍ ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားမည့် စီမံကိန်းအသစ်ဖြစ်ကြောင်း။

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ ၅၈ ရာခိုင်နှုန်းနီးပါးကို နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံကာ တင်သွင်းနေရလျက်ရှိပြီး မွေးမြူရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကိုလည်း နှစ်စဉ်မက်ထရစ်တန်ချိန် သုညဒသမ ၆ သန်းခန့် ပြည်ပမှ ဝယ်ယူနေရကြောင်း၊ ဤလိုအပ်ချက်နှစ်ခုလုံးကို ပြည်တွင်းဖြစ် ထုတ်ကုန်များဖြင့် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်စိုက်ပျိုးထုတ်လုပ် နိုင်ရေးအပါအဝင် ယခုစီမံကိန်းသည် ပြည်တွင်းစွမ်းအား၊ သုတေသနနှင့် နည်းပညာများဖြင့် ရင်ဆိုင်ဖြေရှင်းမည့် မဟာဗျူဟာမြောက် ချဉ်းကပ်မှုဖြစ်ပါကြောင်း၊ ဤစီမံကိန်း၏ အဓိကရည်မှန်းချက်မှာ ပဲပုပ်စိုက်ပျိုးရေးမှသည် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် စားသုံးဆီနှင့် ပဲပုပ်ဖတ်အထိ တန်ဖိုးကွင်းဆက် တစ်ခုလုံးကို ခိုင်မာအောင်တည်ဆောက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းအစီအစဉ်များကိုတင်ပြရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)