ရန်ကုန်၊ အောက်တိုဘာ ၇
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို (၄)ရက်တိုင်တိုင် ကျင်းပလျက်ရှိရာ ယမန်နေ့ သီတင်းကျွတ် လပြည့်နေ့ညတွင် ပွဲတော်သို့ လာရောက်လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော် ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက်လည်ပတ်ကြပြီး သီတင်းကျွတ်ပွဲတော်ကို လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ဈေးဆိုင်ခန်းများတွင် သီတင်းကျွတ်အထိမ်းအမှတ် မီးအလှ ရောင်စုံများ၊ မြန်မာ့ရိုးရာအစားအစာမုန့်မျိုးစုံနှင့် လက်ဆောင်ပစ္စည်းများ တန်းစီပြသထားပြီး အပန်းဖြေလာရောက်လည်ပတ်ကြသူများအတွက် အနံ့အရသာနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို တစ်ပြိုင်နက်တည်းခံစားရမည်ဖြစ်သည်။ ညပိုင်းတွင် အလှဆင်မီးများ တောက်ပနေပြီး တေးဂီတဖျော်ဖြေမှုများကြောင့် ပြည်သူ့ရင်ပြင်အတွင်းပြည်သူများ၏ အားပေးသံများက သီတင်း ကျွတ်အခါသမယ လပြည့်ည၏ လှပမှုကို ပိုမိုတိုးမြှင့်စေခဲ့သည်။
ထို့အပြင် လူငယ်များနှင့် မိသားစုများအတွက် အလှပန်းခင်းများ၊ အလှမီးများနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ စီစဉ်ပေးထားပြီး သီတင်းကျွတ်လပြည့်နေ့ည၌ ပြည်သူ့ရင်ပြင်ပန်းခြံအတွင်း မီးပုံးများလွှတ်တင်ခြင်းနှင့်မီးရှုးမီးပန်းများပစ်ဖောက်ခြင်းအပြင် ပြည်သူများ၏ ပျော်ရွှင်သံများနှင့်အတူ ပွဲတော်မှာ လာရောက်လည်ပတ်ကြသူပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost









No comments:
Post a Comment