အမေရိကန်၏ ဖိအားကို ကြံ့ကြံ့ခံလျက် G20 ဂျိုဟန်နက်စ်ဘာ့ခ်ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် အတည်ပြုခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်၏ ဖိအားကို ကြံ့ကြံ့ခံလျက် G20 ဂျိုဟန်နက်စ်ဘာ့ခ်ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် အတည်ပြုခဲ့


ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၂၄ 

၂၀ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ဘက်အသီးသီးသည် အစည်းအဝေး၏ အဓိကကျသော လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သဘောတူညီချက်များရရှိခဲ့ပြီး “G20 ခေါင်းဆောင်များ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ထိပ်သီးအစည်းအဝေး ကြေညာချက်”ကို အတည်ပြုခဲ့ကြောင်း တောင်အာဖရိကနိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ronald Lamola က အဆိုပါနေ့ ညနေပိုင်းတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်းမှာ G20 ထိပ်သီးအစည်းအဝေး၏ ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကျင်းပရာနေ့တွင် ပူးတွဲကြေညာချက် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးမကျင်းပမီ တောင်အာဖရိကဆိုင်ရာ အမေရိကန်သံရုံးက အမေရိကန်အနေဖြင့် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်၏ သဘောတူညီချက်မရှိဘဲ “G20 သဘောတူညီချက်ကို အခြေခံ၍ ထိပ်သီးအစည်းအဝေးဆိုင်ရာ ရလဒ်စာရွက်စာတမ်းများ ထုတ်ပြန်ခြင်း” ကို ကန့်ကွက်ကြောင်း ပြောကြားထားသည့် စာတစ်စောင် တောင်အာဖရိကအစိုးရထံ ပေးပို့ခဲ့သည်။ ယင်းနောက် တောင်အာဖရိကအစိုးရက အမေရိကန်သည် ထိပ်သီးအစည်းအဝေးကို ဖယ်ကြဉ်ခြင်းကြောင့် ၎င်း၏ “ထုတ်ဖော်ပြောကြားခွင့်” ဆုံးရှုံးသွားကြောင်းနှင့် တောင်အာဖရိကအနေဖြင့် အမေရိကန်၏ အတင်းအကျပ်ဖိအားပေးမှုတွင် အညံ့ခံမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။

ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အကြောင်းအရာ ၁၂၂ ချက်ပါဝင်ကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်ရန် အလေးထားဖော်ပြခဲ့ပြီး အားလုံးပါဝင်သော တိုးတက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ခံမှုကို အားကောင်းစေရန် တိုက်တွန်းခဲ့သည်။

ကြေညာချက်ကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ခြင်းက နိုင်ငံအသီးသီးသည် လက်တွေ့ကျသော လှုပ်ရှားမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေ၍ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို ထောက်ခံရန် လုပ်ဆောင်လျက်ရှိသည်ကို ပြသခဲ့ကြောင်း တောင်အာဖရိက သမ္မတ ပြောရေးဆိုခွင့်ရှိသူ Vincent Magwenya က အဆိုပါနေ့ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ဆိုးတူကောင်းဖက်ဖြစ်သော မိသားစုကြီးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကြိုးပမ်းရာတွင် မည်သည့်နိုင်ငံမျှ တစ်ဦးတည်း လျှောက်လှမ်း၍မရကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အရေးပါမှုကိုလည်း ထပ်မံထင်ဟပ်စေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အမေရိကန်သည် လာမည့် G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သည်။ ယင်းမတိုင်မီ မီဒီယာများ၏ သတင်းဖော်ပြချက်အရ အမေရိကန်သည် တောင်အာဖရိကရှိ ၎င်းသံရုံး ယာယီတာဝန်ခံကိုသာ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်ပွဲသို့ စေလွှတ်ရန် စီစဉ်ထားရာ တောင်အာဖရိကအစိုးရ၏ ငြင်းပယ်ခြင်းခံခဲ့ရကြောင်း သိရသည်။ ဤအစီအစဉ်ကို တောင်အာဖရိက “လက်မခံနိုင်” ကြောင်း Magwenya က ဖော်ပြခဲ့သည်။

အမေရိကန်၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်မှုဆိုင်ရာ အစီအစဉ်နှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် Lamola က သံတမန်ရေးရာလုပ်ထုံးလုပ်နည်းအရ သင့်လျော်သောအဆင့်ရှိသော ကိုယ်စားလှယ်တစ်ဦး အစည်းအဝေးတက်ရောက်ရန် အမေရိကန်ဘက်က စေလွှတ်ခဲ့ခြင်း မရှိသောကြောင့် တောင်အာဖရိကသည် ထိပ်သီးအစည်းအဝေးကျင်းပရာနေရာတွင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပမည်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။ G20 အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် အမေရိကန်သည် နိုင်ငံအကြီးအကဲ သို့မဟုတ် ဝန်ကြီးအဆင့်အရာရှိက ထိပ်သီးအစည်းအဝေးတက်ရောက်သင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

တောင်အာဖရိကသည် တံခါးဖွင့်လှစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော သဘောထား အစဉ်အမြဲ လက်ကိုင်ထားပြီး အမေရိကန်ဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားလိုကြောင်း၊ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ထိပ်သီးအစည်းအဝေး ပြီးဆုံးပြီးနောက် တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွင် ကျင်းပမည်ဖြစ်သလို အမေရိကန်ဘက်က တောင်းဆိုမှုပြုပြီးနောက် တောင်အာဖရိက ပြည်တွင်း အခြားသင့်လျော်သောနေရာ၌လည်း ပြုလုပ်နိုင်ကြောင်း Lamola က ပြောကြားခဲ့သည်။ 


Ref - (Xinhua)

#News #International


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)