တောင်ကြီး၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ တွင် တောင်ကြီးမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ MEVM မဲပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၇၅ အုပ်စုမှကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကိုတွေ့ဆုံ၍ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့်တောင်ကြီးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာတွင်ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီကြီးကြပ်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအတွက်မဲရုံ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် MEVM မဲပေးစက်များ အသင့်ပြင်ဆင် စုဖွဲ့သယ်ဆောင်ဖြန့်ခွဲထားရှိရေး၊ မဲရုံသုံးပစ္စည်းနှင့်မဲစာရင်းအပါအဝင် အသုံးပြုရမည့် ပုံစံစာရင်းဇယားများ စနစ်တကျပြင်ဆင်ထားရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိရေးနှင့် MEVM စက်များ၊ SD ကတ်၊ BU Paper နှင့်အရန် မဲပေးစက်များနှင့်စပ်လျဉ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အသေးစိတ်ရှင်းလင်းမှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ တက်ရောက်လာကြသော ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းမှာကြားခဲ့ပြီး တွေ့ဆုံပွဲကိုအောင်မြင်စွားကျင်းပခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)
#MNP #News #2025Election





No comments:
Post a Comment