(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်၊ ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့၊ ဩဝါဒါစရိယ ဥက္ကဋ္ဌ ဆရာတော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်၊ ပဓာနနာယက (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက်၊ ပဓာနနာယက(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ မဟာထေရ်မြတ်က “သာရဏီယဩဝါဒကထာ”ကို မိန့်ကြားတော်မူသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားရာတွင် သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား၏ အဆုံးအမတရားတော်များတည်ရှိနေခဲ့သော် လူအများအစည်းအပွါးဖြစ်ရန်အလို့ငှါ လူအများချမ်းသာရန်အလို့ငှါ သတ္တဝါအပေါင်းကို အစဉ်စောင့်ရှောက်ရန်အလို့ငှါဖြစ်ပါကြောင်း၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ပတ်လုံးဆင်းရဲဒုက္ခပေါင်းအနန္တကို မညည်းမညူခံယူတော်မူပြီး ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို ဖြည့်ဆည်းတော်မူခဲ့ခြင်းတို့ကြောင့် သဗ္ဗညုတဉာဏ်တော်ကိုရရှိကာ ဗုဒ္ဓဘုရားရှင်ဟူ၍ ပွင့်ထွန်းတော်မူခဲ့ပါကြောင်း၊ သဗ္ဗညုတဉာဏ်တော်ဖြင့် ထိုးထွင်း၍သိမြင်တော်မူသော တရားတော်ဓမ္မက္ခန္ဓာတို့ကို သတ္တဝါဝေနေယျအပေါင်းတို့အား သိရှိလိုက်နာကျင့်ကြံကြစေလျက် အေးချမ်းသာယာသော ကမ္ဘာလောကကြီးကို ဖြစ်ထွန်းစေခဲ့ပါကြောင်း၊ တိပိဋကဓရတိပိဋကကောဝိ ဒရွေးချယ်ရေးစာမေးပွဲကြီး ကျင်းပခြင်းသည် ပရိယတ္တိသာသနာတော် တည်တံ့ပြန့်ပွားရေး၌ အဓိကအားထားရသော စာမေးပွဲကြီးဖြစ်ပါကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးပြန့်ပွါးစည်ပင်ရာ ဘူမိနက်သန် မှန်လှသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဆထက်ထမ်းပိုးတိုးပြီး သာသနာရောင် ထွန်းလင်းပြောင်စေရန် ဆရာတော်သံဃာတော်များသည် ပရိယတ္တိစာပေ ကျမ်းဂန်များကို သင်ကြားပို့ချခြင်း၊ ဒါနကထာ သီလကထာ စသော ဓမ္မကထာဒေသနာတော်များကို ဟောပြောပြသခြင်း စသည့် သာသနာပြုကိစ္စများကို ကြိုးပမ်းထမ်းဆောင်တော်မူလျက်ရှိကြပါကြောင်း၊ ဒါယကာ ဒါယိကာမများဘက်မှလည်း ဆရာတော်သံဃာတော်များ၏ ဩဝါဒကိုခံယူကာ သာသနာတော်မြတ်ကြီးအကျိုးပွါးတိုးစေရန် ပစ္စယာနုဂ္ဂဟအားဖြင့် ချီးမြှောက်ထောက်ပံ့၍ သာသနာတော် အကျိုးပွါးတိုး ထမ်းဆောင်ကြလျက်ရှိပါကြောင်း လျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဝင်ရောက်ဖြေဆို ကြမည့် သံဃာတော်များအား အလှူရှင်များက အလှူငွေကျပ်(၁၂၅,၂၅၃,၀၀၀)ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ပါဠိ ကာရီတုလွတ်ကျောင်းဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ အရှင်သူမြတ် ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျှင်မြို့ မင်းကျောင်း ပထမ ပြန်စာသင်တိုက်၊ ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော သံဃာတော်(၅၅)ပါးတို့အား ရန်ကုန်တိုင်းဒသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အလှူရှင်များက သင်္ကန်း စသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြေင်း သိရသည်။


ဇွဲထက်ကို

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)