နယူးဒေလီ၊ ဇန်နဝါရီ ၁၃
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၁၂-၁-၂၀၂၆ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် နယူးဒေလီမြို့ရှိ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂၈) ကြိမ်မြောက် အာဆီယံ-နယူးဒေလီကော်မတီ(ANDC)အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dato’ Muzafar Shah Mustafa ဦးဆောင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများက သက်ဆိုင်ရာနိုင်ငံ အလိုက် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အပြန်အလှန် ခရီးစဉ်များအား ဆွေးနွေး ဖလှယ်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား စီးပွားဆက်သွယ်မှု လွယ်ကူ ချောမွေ့စေရေးနှင့် အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးစဉ် မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မြန်မာ-အိန္ဒိယနှစ် နိုင်ငံမှ အရာရှိကြီးများ အပြန်အလှန် သွားရောက်ခဲ့သည့် ခရီးစဉ်များ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dato’ Muzafar Shah Mustafa က ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလအတွက် ဥက္ကဋ္ဌတာဝန်ယူခဲ့သည့်ကာလအတွင်း အာဆီယံ-နယူးဒေလီကော်မတီ၏ လှုပ်ရှားများအား ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ပထမ နှစ်ဝက်ကာလအတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ဦးထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြန်မာသံအမတ်ကြီးက မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ အတွင်း နယူးဒေလီမြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုအား ကောင်းလာစေရေးနှင့် အာဆီယံ-အိန္ဒိယဆက်ဆံရေး အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရန် လျာထားသည့် အစီအမံများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အစည်း အဝေးအပြီးတွင် မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့သည် မလေးရှားသံအမတ်ကြီးမှ တည်ခင်း ဧည့်ခံသည့် အာဆီယံမိသားစု နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။
#MNP #News




No comments:
Post a Comment