ပခုက္ကူ ၊ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ အထိ ဈေးနှုန်းရရှိပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်ဒေသများမှ တောင်သူတွေထံက အများဆုံးရောက်ရှိလာပြီး လက်ရှိချိန်တွင် မိုးကြက်သွန်နီအသစ်များ ဝင်ရောက်လာလျက်ရှိကြောင်း၊ တစ်ရက်လျှင် အနည်းဆုံးပျမ်းမျှ ပိဿာချိန်ပေါင်း ၁၀၀၀၀ ခန့်အထိ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(နောက်ဆုံးအပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အများဆုံးငွေကျပ် ၁၇၀၀ မှ ၂၆၀၀ အထိဈေးနှုန်းရှိပြီး လက်ရှိတွင် အများဆုံး ငွေကျပ် ၃၀၀၀ အထိ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း ပခုက္ကူခရိုင် ကုန်သည်ပွဲစားများအသင်းထံက သိရသည်။
မြန်မာ့ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများမှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်ကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပြီး အညာဒေသများရှိ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးနေရာများ၌ ရေသွင်းစနစ်ဖြင့် အဓိကစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်များ နေ့စဉ်ဝင်ရောက်လာပြီး ဈေးကောင်းရရှိနေသောကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment