ယနေ့တိုက်ပွဲသတင်းတွေ ကြားရတာ စိတ်မကောင်းစရာ၊ အကြမ်းသမားရှိရင် အကြမ်းဖက်လှုပ်ရှားမှုရှိမှာကတော့ အထူးပြောစရာ မရှိပါဘူး။ အကြမ်းဖက်နှိမ်နင်းရေးအတွက် တာဝန်ရှိတဲ့ တပ်မတော်ဖြစ်စေ၊ ရဲတပ်ဖွဲ့ဖြစ်စေ မိမိတို့ တာဝန်ယူဆောင်ရွက်နေတဲ့ ဒေသအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို ပြတ်ပြတ်သားသား ထိထိရောက် လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ သောကများနေဖို့ မလိုပါဘူး။
အခုကတော့ သောကများရတယ်။ အကြမ်းဖက်သမား အခြေပြုနေထိုင်တဲ့ နေရာကိုလည်း သိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လက်တကမ်းအကွာမှာ ရှိနေတယ်။ ဘယ်တော့များမှ ရှင်းလေမလဲလို့ စောင့်ကြည့်နေလဲ လည်ပင်းညောင်ရည်အိုးဖြစ်ရတာပဲ ရှိတယ်။ အကြမ်းဖက်သမားများက လှုပ်ရှားလာတော့ ကိုယ့်ဘက်က အဆင်သင့်မဖြစ်တော့ဘူး။ အကြမ်းဖက်သမားတွေ ဂုဏ်ဆာခွင့် ရတာပေါ့။ တကယ်က အကြမ်းဖက်သမားတွေကို ဂုဏ်ဆာဖို့ အခွင့်အရေးကို မပေးသင့်ပါဘူး။ အကြမ်းဖက်သမားတွေ ဂုဏ်ဆာခွင့်ရသွားပြီဆိုတာနဲ့ ထိခိုက် နစ်နာ ဆုံးရှုံးမှုတွေ ရှိလာပါတယ်။
အထူးအားဖြင့် ရဲတပ်ဖွဲ့ဝင်များအနေနဲ့လည်း အကြမ်းသမားများရဲ့ သဘောသဘာဝကို သိနေကြပြီး ဖြစ်ပါတယ်။ အမြန်လမ်းဘေးက ရဲတပ်ဖွဲ့ဝင်ငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ အခြားသော ဒေသတွေမှာလည်း အကြမ်းဖက်သမားများက ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ များစွာ ရှိိခဲ့ပါတယ်။ မိမိတို့ တာဝန်ထမ်းဆောင်နေတဲ့ ဒေသမှာ အကြမ်းဖက်သမား လှုပ်ရှားမှုရှိတယ်ဆိုရင် ပိုပြီး သတိပြုကြရမှာ ဖြစ်ပါတယ်။ အရေးကြုံလာတဲ့အခါ စစ်ကူ၊ ပစ်ကူဆိုတာတွေကလည်း ကြန့်ကြာနေတာမျိုးမဟုတ်ဘဲ အချိန်နဲ့တပြေးညီ ဖြစ်သင့်ပါတယ်။ အရာရှိ ဆိုသူများအနေနဲ့လည်း မိမိတို့တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သတိမလစ်ဟင်းဖို့၊ ထူးခြားဖြစ်စဉ်များ အချိန်နဲ့တပြေးညီ အချိတ်အဆက်ရဖို့ စီစဉ်ဆောင်ရွက်ထားတာမျိုး ဖြစ်သင့်ပါတယ်။
အမြန်လမ်းမကြီးဘေးက မြို့နယ်တစ်ခုမှာ အကြမ်းဖက်သမားတွေက လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတစ်ဦးကို လာသတ်သွားတယ်။ အဲဒီဖြစ်စဉ်ကို အကြောင်းပြုပြီး အရာရှိက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဆီက လက်နက်ကို သိမ်းသတဲ့။ ဖြစ်သင့်သလား။ တပ်မတော်သားတွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ လက်တွဲ ဆောင်ရွက်နေကြတာပဲ မဟုတ်ပါလား။ တပ်မတော်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်သလိုပဲ ပသစတွေကိုလည်း လစ်ရင်တိုက်မှာပဲ။ အရာရှိဆိုသူက တပ်မတော်သားများကိုရော ပသစများကိုပါ မိမိရဲ့တပ်ဖွဲ့ဝင်များ ဖြစ်သည်နှင့်အညီ အားလုံးကို လုံခြုံရေးအတွက် ပိုမိုအလေးထား ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားရမှာပဲ ဖြစ်ပါတယ်။
အဲဒီမြို့န,ယ်ထဲမှာ အကြမ်းသမားလှုပ်ရှားမှုက အစဉ်သဖြင့် ရှိနေတယ်။ မြို့ထဲကိုလည်း လစ်ရင်လစ်သလို ဝင်လာပြီး အုပ်ချုပ်ရေးမှူးတွေကို လာသတ်တာမျိုးလုပ်နေတယ်။ ဒီနေ့ဒီအချိန်မှာ နီပိန်းပဒက် ပြည်ဖျက်မိစ္ဆာ အမှောင်လောကသားတွေရဲ့ အလုပ်က တစ်ခုပဲ ရှိပါတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ပသစများနဲ့ သူတို့ရဲ့မိသားစုဝင်များ အခြားသောဝန်ထမ်းများ၊ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ မည်သူ့ကိုမဆို သတ်ဖြတ်ပြီး ဂုဏ်ဆာပြဖို့ပဲ ဖြစ်ပါတယ်။
ဒါတွေကို အထူးဂရုစိုက်ဖို့ အရာရှိများက တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပသစများကို သတိမလစ်ဟင်းအောင် အမြဲတမ်း အသင့်ဖြစ်နေအောင် လမ်းညွှန်မှာကြားကြရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားနဲ့တွေ့လို့ ခံလိုက်ရတယ်ဆိုတာမျိုးမဖြစ်အောင် တပ်ဖွဲ့ဝင်အားလုံးကို အောင်စိတ်မွေးပေးဖို့လည်း လိုပါတယ်။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း အစရှိသော ဒေသတွေမှာ တပ်မတော်သားများ၊ ပသစများအနေနဲ့ အကြမ်းဖက်သမားများကို ရှင်းလင်းရာမှာ လွယ်လင့်တကူ အောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။ ပေးဆပ်ရတာတွေလည်း ရှိတယ်။ အခက်အခဲတွေလည်း ရှိတယ်။ တပ်ဖွဲ့ဝင်များကို ဦးဆောင်တဲ့ အရာရှိများက မိမိတို့တပ်ဖွဲ့ဝင်များကို မဆုတ်မနစ်သောဇွဲနဲ့ တိုက်ခိုက်ရှင်းလင်းဖို့ အောင်စိတ်မွေးခိုင်းပြီး တိုက်ခိုက်ရှင်းလင်းခဲ့ကြရတာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေက ဒီလိုနေ့ရက်တွေမှာ ဘာကြောင့်ရွေးတိုက်သလဲဆိုရင် ရွေးကောက်ပွဲကို နှောက်ယှက်လိုခြင်းကြောင့် ဒီလို ရွေးကောက်ပွဲနီးတဲ့ ရက်မျိုးတွေမှာ တိုက်ပွဲ ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ အရာရှိကြီးများလည်း ဒါကို တွက်ဆမိမယ်လို့ ထင်ပါတယ်။ ဆိုခဲ့ရင် အကြမ်းဖက်သမား အခြေပြုနေထိုင်တဲ့ နေရာ၊ လှုပ်ရှားနယ်မြေတွေကိုလည်း သိထားပြီဆိုရင် အားလုံးကို အသင့်အနေအထား စီမံထားနိုင်မယ်ဆိုရင် ရုပ်ပျက်ဆင်းပျက် မဖြစ်ရတော့ဘူးပေါ့။
အရာရှိကြီးများအနေနဲ့ ပိုပြီး သတိပြုသင့်တာက ရွေးကောက်ပွဲရက်နီးမှ ဖြစ်တဲ့ တိုက်ပွဲတွေဟာ အခြားအချိန်မှာ ဖြစ်တာထက်ပိုပြီး ပြည်ဖျက်မိစ္ဆာတွေအတွက် ဂုဏ်ဆာချင်စရာ ဖြစ်စေပါတယ်။ အမှောင်လောကသား နီပိန်းပဒက်များဟာ ဘယ်နေရာ ဘယ်ဒေသမှာမှ ကြာကြာအခြေချလို့မရဘူးဆိုတာ သိပါတယ်။ သို့သော်လည်း သူတို့အတွက်က ခဏတာ ဂုဏ်ဆာလို့ ရရင်ပဲ အောင်မြင်မှုလို့ ယူဆနေကြပါတယ်။ လူသတ်ပြီး ငွေရှာတဲ့ ငပိန်းများ၊ တိုက်ပြမှ ထောက်ပံ့ကြေးရမယ့် ငပိန်းများ ဖြစ်တဲ့အတွက် သူတို့တွေဟာ ရေရှည်၊ ရေတို တွက်ပြီး တိုက်နေတာ မဟုတ်ပါဘူး။ ခဏတာ ဂုဏ်ဆာနိုင်ဖို့နဲ့ ပြည်ပြေးတွေဆီက အထောက်အပံ့ရဖို့ လစ်ရင်လစ်သလို တိုက်ကြမှာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ရာမှာလည်း ဒီနေရာကနေ ဆုတ်ခွါပြေးပြီဆိုတာနဲ့ မပြီးပါဘူး။ ဆုတ်ခွါခွင့် ပေးတာကိုက မှားပါတယ်။ သူတို့ ဆုတ်ခွါတယ်ဆိုတာက ဘယ်ကို ဆုတ်ခွါတာလဲ။ ဒီမြို့နယ်ထဲကနေ တခြားမြို့နယ်ထဲကို ဆုတ်ခွါတာ ဖြစ်ပါတယ်။ ဒီနိုင်ငံထဲကနေ တခြားနိုင်ငံထဲကို ဆုတ်ခွါသွားတာ မဟုတ်တဲ့အတွက် မရှင်းချင်ရင်လည်း မရှင်းဘဲထားပါ။ ရှင်းမယ်ဆိုရင်လည်း တဖွဲ့လုံး တပြုံလုံး လက်နက်ချ အညံ့ခံလာသည်အထိ ပြတ်ပြတ်သားသား ရှင်းရမှာ ဖြစ်ပါတယ်။ ဒီကတိုက်လိုက် ဟိုပြေးလိုက်၊ ဟိုနေရာမှာ တခါ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာပြန်ဆိုရင် ဂျက်အေး သူ့မေရိုက် ဖြစ်နေမှာပါပဲ။
အထူးသတိပေးချင်တာကတော့ ရွေးကောက်ပွဲရက်နီးကပ်နေချိန်မှာ တိုက်ခိုက်ခြင်းဟာ မဲဆန္ဒရှင်ပြည်သူတွေကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပပြီးချိန်မှာ သတင်းမှတ်က ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်ပဲ အကြမ်းဖက်သမား လှုပ်ရှားမှုရှိတဲ့ နေရာတိုင်းမှာ အနည်းနဲ့အများဆိုသလို အဖျက်အမှောင့်တွေ ရှိနေတာကို သတိပြုမိကြမှာပါ။ ဒီလိုနေ့ရက်မျိုးတွေမှာ အကြမ်းဖက်သမားများကို ဂုဏ်ဆာခွင့်ပေးတာမျိုး မဖြစ်သင့်ပါဘူး ဆိုတာကိုတော့ အနယ်နယ်အရပ်ရပ်မှ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူဆောင်ရွက်နေကြသူအားလုံးကို သတိပေးနှိုးဆော်လိုက်ရပါတယ်။
အမှောင်လောကသား ငပိန်းများသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပါလို့ အာချောင်ပြီး တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိသွားမှာ သေမလောက် ကြောက်နေကြတဲ့ အဖျက်သမားများ ဖြစ်ကြောင်း သိသာပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News #Article

No comments:
Post a Comment