သဲကုန်း ၊ ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ပြန်ဆိုထားသည့် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က ကျွဲကျကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန်အတွက် “ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများကို တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ပြန်ဆိုထားသည့် လက်ကမ်းစာစောင်များအား အဆိုပါကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးပုံလုပ်ငန်းအဆင့်ဆင့်၊ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်ပါ အကြောင်းအရာများပါရှိသော အသိပညာပေးနံရံကပ်စာစောင်အား ပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အလားတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရပ်/ကျေးအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်စေရန်၊ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ရွှေကြို့ပင်လမ်း၊ အနောက်ပေါက်တောလမ်း၊ တပ်မြောက်စုလမ်း၊ တပ်ရွာလမ်း၊ ဆင်စွယ်ရလမ်း၊ ရွှေဘုန်းရှိန်လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment