Pages

Pages

ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇန်နဝါရီ  ၂၄

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ဘယ်လာရုစ် သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီ(Belarusian Party Belaya Rus)ဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၂-၁-၂၀၂၆ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း(၂)ကို ဥပဒေနှင့်အညီ  ပွင့်လင်းမြင်သာမှုရှိစွာ လွတ်လပ်မျှတစွာ ကျင်းပနိုင်ခဲ့သည့်အခြေ အနေများ၊ နိုင်ငံတကာနှင့်ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့်အခြေအနေများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများကို ပွင့်လင်း မြင်သာစွာ သတင်းရယူနိုင်ရေးဆောင်ရွက်ပေးခဲ့မှု၊    ကျင်းပပြီးသည့်  အပိုင်းလိုက် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုနှင့် မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) အသုံးပြုခဲ့မှု၊ ပြည်တွင်းပြည်ပကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ၊    ပြောင်းလဲကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ အကြောင်းအရာများ၊    ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို    ဒီမိုကရေစီစံနှုန်းများနှင့် အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ပြီး ရွေးကောက်ပွဲအပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင် ရွက်မှုနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ၂၀၂၅   ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)နှင့် အပိုင်း(၂)ကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်အောင် ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ  အကြောင်းအရာ၊ အချက်အလက်များနှင့်စပ်လျဉ်း၍ ပြည့်စုံစွာရှင်းလင်း ပြောကြားပေးမှုနှင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွေးကောက်ပွဲအပိုင်း(၁)တွင် လာရောက်လေ့လာခဲ့ကြပြီး ယခုအခါ ဇန်နဝါရီလ ၂၅  ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)သို့ ထပ်မံလာရောက်လေ့လာခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

ယင်းနောက် ဟနွိုင်းအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Uladzimir BARAVIKOU က ရွေးကောက်ပွဲအပိုင်း(၁) စောင့်ကြည့်လေ့လာခဲ့ရာတွင် တွေ့ရှိရသည့်အခြေအနေ၊ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ထားမှုများအပေါ် သုံးသပ်တွေ့ရှိချက်ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment