မူဆယ် ၊ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တရုတ်နိုင်ငံရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်သူ၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလည်အပတ်သွားရောက်မည့် ပြည်သူများအတွက် မြန်မာ-တရုတ် နယ်စစ်သွားလာခွင့်လက်မှတ် BP စာအုပ်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးတွင် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ-တရုတ် နယ်စစ်သွားလာခွင့်လက်မှတ် BP စာအုပ် ကိုင်ဆောင်လိုသူများသည် မူဆယ်ခရိုင်အိမ်ထောင်စု ဖြစ်ရမည်ဖြစ်ပြီးပထမဦးစွာ တိုကင်လက်မှတ် လာရောက်ယူရမည်ဖြစ်သည်။ တိုကင်လက်မှတ် လာရောက်ယူချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ UID စမတ်ကတ်မိတ္တူများ ယူဆောင်၍ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါတိုကင်လက်မှတ်တွင် တိုကင်လက်မှတ် လာရောက်လျှောက်ထားသည့် ရက်စွဲနှင့် BP စာအုပ် လာရောက် လျှောက်ထားရမည့် နေ့ရက်များပါဝင်ပြီး အဆိုပါနေ့ရက်တွင် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်သည်။
လာရောက်ချိန်တွင် တန်းစီစနစ်ဖြင့် ပထမဦးစွာရောက်ရှိသူကို ဦးစွာလုပ်ဆောင်ပေးမည်ဖြစ်ကာ လာရောက်သူအစဉ်လိုက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ BP စာအုပ်လာရောက် လျှောက်ထားသူသည် ပထမဦးစွာ ကွန်ပျူတာစစ်ဆေးခြင်း၊ နိုင်ငံသား/UID/အိမ်ထောင်စု စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး၊ လျှောက်လွှာတွဲခန်းတွင် လျှောက်လွှာတွဲ၍ လျှောက်လွှာဖြည့်သွင်းခန်းတွင် လျှောက်လွှာဖြည့်သွင်းကာ အမည်စာရင်းရေးသွင်းခန်းတွင် အမည်စာရင်းရေးသွင်းခြင်း လုပ်ငန်းစဉ်များကို အစဉ်လိုက်လုပ်ဆောင်ရပါသည်။
လုပ်ငန်းစဉ်များအားလုံး ပြီးဆုံးလျှင် အမှုတွဲကိုင်ဆောင်ကာ တာဝန်ရှိသူထံတွင် လက်မှတ်ရေးထိုး၍ BP စာအုပ်ကို ထုတ်ယူရရှိပြီဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
ချယ်ရီမြေ(မူဆယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment