Pages

Pages

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်ပြသပေးသွားမည်




မင်းဘူး  ၊ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း၌ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်၍ အများပြည်သူ ဗဟုသုတရရှိနိုင်မည့် ဆင်နှင့်ပတ်သက်သည့် အချက်အလက်များ ရုပ်လုံးသွင်း ဆင်ရုပ်ထုနှင့် ဆင်အသုံးအဆောင်ပစ္စည်များကို ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း အဆိုပါဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင် စေရန်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အစိမ်းရောင်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ယခုလ) ၂၂ ရက်မှ ဧပြီလ ၁၇ ရက် နေ့အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၈၆)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆင်စခန်းမှာ လာရောက်အပန်းဖြေအနားယူ လည်ပတ်တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတို ဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့ ဆောင်ရွက်နေပါတယ်။ ဒီနှစ်မှာ ဆင်သရုပ်ပြပွဲ (Elephant Show)အဖြစ် ဆင်လိမ်မာကလေးတွေနဲ့အတူ ထူးခြားတဲ့ ဧည့်ခံဖျော်‌ဖြေတင်ဆက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင် ဆင်စခန်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် အထူးခြားတဲ့အစီအစဉ်တစ်ခုအနေနဲ့ ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်၍ အများပြည်သူ ဗဟုသုတသိမှတ်ဖွယ်ရာများ ရရှိနိုင်မည့် ဆင်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ပြကွက်များအပြင် ရုပ်လုံးသွင်း ဆင်ရုပ်ထုနှင့် ဆင် အသုံးအဆောင်ပစ္စည်များကို ခင်းကျင်းပြသပေးသွားမှာဖြစ်ပါတယ်”ဟု ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာက ပြောသည်။

အဆိုပါဆင်ပြတိုက်(Elephant Museum)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပေ(၅၀ x ၃၀)အရွယ်အစားရှိ RC တစ်ထပ်ဆောင်ကို ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီး ဆင်ပြတိုက်ထဲတွင် ဆင်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆင်စွယ်တပ်ဆင်ထားသော ဆင်အမျိုးအစားခွဲခြားသည့် ဆင်ခေါင်းရုပ်ထုများ၊ ဆင်များတပ်ဆင်အသုံးပြုသည့် အသုံးဆောင်ပစ္စည်များ၊ ဆင်ဖမ်းနည်းသရုပ်ပြကွက်၊ တရားမဝင်ရောင်းဝယ်ခွင့်မပြုသည့် ဆင်စွယ် တို့ဖြင့် ပြုလုပ်ထားသော မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ တောဆင်များတွင် တပ်ဆင်သည့် ခြေရာခံလည်ပတ် (Radio Collar) နှင့် ကင်မရာထောင်ချောက်၊ ဆင်ရုပ်လုံးသွင်းရုပ်ထုစသည့် ဆင်နှင့်ပတ်သက်သော ပစ္စည်းများကို ခင်းကျင်းပြသပေးသွားမည်ဖြစ်သည်။

အဆိုပါဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်ထားကာ ဆင်စခန်းရှိ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေနိုင်ကြောင်း၊ ဆင်စခန်းတွင် ဆင်ထီး (၅)ကောင်၊ ဆင်မ(၈)ကောင်၊ စုစုပေါင်း ဆင်(၁၃)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပ နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင်အနေဖြင့် VIP တည်းခိုဆောင် (၄) လုံးနှင့် ဘန်ဂလို (၁၁) လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၄၀၀၀၀ ကျပ်နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၇၀၀၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီးသတ်မှတ်ထားကြောင်း၊ ထို့အပြင် ဆင်စာဘူဖေးကို မိမိတို့ တတ်နိုင်သောနှုန်းထားဖြင့် ဆင်စာများ ဝယ်ယူကျွေးမွေးလှူုဒါန်းနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း(၂၄)ခုကို ဖွင့်လှစ်ထားရှိပြီး အဆိုပါဆင်စခန်းများအနက် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ပဉ္စမမြောက်အဖြစ် ဆင်ပြတိုက်(Elephant Museum)ကို ထည့်သွင်းခင်းကျင်းပြနိုင်သည့် အပန်းဖြေ ဆင်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment