နေပြည်တော်၊ ဇန်နဝါရီ ၁၃
“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး က မျိုးဆက်သစ်လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ယခုကျင်းပမည့်ဖိုရမ်ကို “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့ နိုင်ငံတော်သည် နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း၊ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်သော်လည်း စည်းလုံးညီညွတ်မှုနှင့်ငြိမ်းချမ်းမှုအားနည်းခဲ့သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိထားသင့်သည့် သင်ခန်းစာအဖြစ် တွေ့နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ အဖျက်အင်အားစုများက နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲပြီး နိုင်ငံဖရိုဖရဲဖြစ်စေရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးဖြိုခွဲနေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဆိုးဆိုးရွားရွားပြုလုပ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်မှ အမျိုးသားနိုင်ငံရေးတာဝန်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ထမ်းဆောင်ခဲ့ရကြောင်း၊ အဆိုပါအဖြစ်မှန်ကိုဖုံးကွယ်ပြီး အကြမ်းဖက် NUG ၊ CRPH အဖွဲ့များက တပ်မတော်အနေဖြင့် ဒီမိုကရေစီနောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကြည့်ပါကလွတ်လပ်ပြီး တရားမျှတမှုရှိသည်ကို အားလုံးက လက်ခံကြသည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်ခိုင်မာစွာ ရပ်တည်လျှောက်လှမ်းနေသည်ကို တွေ့မြင်နိုင်ကြောင်း။
လွဲမှားသည့် လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်အစပြုနေပြီဖြစ်သည့် အခြေခံအဆောက်အအုံများ မြောက်များစွာဆုံးရှုံးခဲ့ရကြောင်း၊ ယခုကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းသည့်နည်းလမ်းသည် နှစ်ပေါင်း(၇၀) ကျော်ကြာသည်အထိ ဘာရလဒ်မှ မထွက်ခဲ့သည်ကို သင်ခန်းစာယူဖို့လိုသကဲ့သို့ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြမည်ဆိုပါက ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာရန် နိုင်ငံတော်ကအစဉ်အမြဲ ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကမ်းလှမ်းဖိတ်ခေါ်သည်ကို အသိပေးပြောကြားလိုကြောင်း။
မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပြန်ကြည့်ပါက အရေးပါသည့်အောင်မြင်မှုများရှိခဲ့ကြောင်း၊ အထူးသဖြင့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် တည်ငြိမ်မှု၊ ပေါင်းစည်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းပဋိပက္ခကို စစ်ရေးအရမဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်နည်းလမ်းကို ဖြစ်ထွန်းစေခဲ့ခြင်းသည် NCA ပင်ဖြစ်ကြောင်း၊ NCA ကြောင့်ပင် တွေ့ဆုံမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည့်အပြင် နိုင်ငံအတွင်းပါဝင်ပတ်သက်သူအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း။
သို့သော်လည်း အမှန်တရားကိုမျက်ကွယ်ပြုကာ ပဋိပက္ခ၏ဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနည်းပါးခဲ့ပြီး မိမိအဖွဲ့အစည်းနှင့် မိမိတို့အကျိုးကိုသာ အလေးထားခဲ့ခြင်းကြောင့် NCA လုပ်ငန်းစဉ်သည် ရှေ့ရောက်သင့်သလောက် မရောက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တစ်တွေ ရရှိထားသည့် NCA သဘောတူညီချက်များကို သဘောတူညီချက်အဆင့်၌ပင် ကျေနပ်ရပ်တန့်မနေကြဘဲ လက်တွေ့အသုံးချအကောင်အထည်ဖော်နိုင်ရန်ကလည်း အရေးကြီးကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်နိုင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် NCA အပေါ်အခြေခံထားပြီးရရှိပြီးသည့် ငြိမ်းချမ်းရေးခိုင်မာမှုကို ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။
ငြိမ်းချမ်းရေးဆိုသည်ကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာရရှိနိုင်မည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောဆိုပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မတူသည်များကို ခဏဘေးဖယ်ထား ဆက်လက်ဆွေးနွေးရင်းနှင့် တူညီသည့်သဘောထားများကို ပူးပေါင်းအကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျပြီးအောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း။
လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမှာပင်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုပါက လက်နက်ကိုင်ပဋိပက္ခကိုရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ကျေလည်အောင် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရှေ့ကိုမရောက်နိုင်ဘဲ အတားအဆီးများနှင့်သာ ရင်ဆိုင်နေကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန်အတွက် ပြည်သူများပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မိမိတို့ဖော်ဆောင်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ယနေ့တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးစိတ်ဝင်စားသူ လူငယ်များအနေဖြင့် တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း။
#MNP #News










No comments:
Post a Comment