ကျွန်တော် နောင်တော်လေး ပါ။ မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ ကပါ။ ဒီနေ့ဒီအချိန်မှာ နိုင်ငံသူ နိုင်ငံသားတွေ အတိဒုက္ခရောက်နေကြတယ်။ အကြမ်းဖက်သမားများက တစ်မျိုးတစ်ဖုံ ဒုက္ခပေးတယ်။ အာဏာပိုင် တစ်နည်းအားဖြင့် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူကလည်း ဥပဒေဘောင်အတွင်းကနေ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးပါတယ်။
ကျွန်တော်နဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တဲ့ ကျွန်တော့်အစ်မဝမ်းကွဲ CDM ဆရာမ ဒေါ်ကြွယ်ကြွယ်လတ် က ကျွန်တော်နဲ့ လွန်ခဲ့တဲ့ လကမှ ပြန်လည်ပြီး အဆက်အသွယ်ရပါတယ်။ မမကြီးလို့ ကျွန်တော်တို့က ခေါ်ပါတယ်။ အစ်မများထဲမှာ အကြီးဆုံး၊ နိုင်ငံရေးဆို ေသမလောက်ကြောက်ပါတယ်။ ကျွန်တော် လုပ်နေတဲ့ အလုပ်တွေကိုလည်း တားမြစ်ပါတယ်။ ကျွန်တော့်အစ်မ က ၂၀၂၁ မှာတော့ ဘေးပယောဂတွေကြောင့် CDM စာရင်းထဲ ပါသွားခဲ့ပါတယ်။ ပညာရေးဝန်ထမ်းအဖြစ် သူမ လုပ်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည်လေ့လာဆန်းစစ်လို့ ရပါတယ်။ ရွာမှာ စာသင်ခဲ့စဉ်ကတည်းက မိသားစုရန်ကုန်ပြောင်းလို့ ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတလျှောက် နာမည်ဆိုး၊ နာမည်ပျက် မရှိခဲ့သူပါ။
ဘေးပယောဂတွေကြောင့်၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကြောင့် CDM ဖြစ်ခဲ့ရာက အခု ကျန်းမာရေးမကောင်းလို့ ဆေးသွားကုဖို့ လုပ်တဲ့အခါကြတော့ Black List ထဲ ဝင်နေလို့ စာရေးသူထံ ဆက်သွယ်လာခြင်း ဖြစ်ပါတယ်။ ဆက်သွယ်တိုင်ပင် လာတဲ့အတွက် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနကို အသနားခံစာတင်ပြီး Black List က ပယ်ဖျက်ပေးနိုင်ဖို့ တင်ပြခဲ့ပါတယ်။
၁၃-၁-၂၀၂၆ ရက်နေ့ မှာ ဆရာမဒေါ်ကြွယ်ကြွယ်လတ် မှ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အသနားခံစာ တင်ပြခဲ့ပါတယ်။ တခြား အကူအညီပေးနိုင်သူများ ရှိလေမလားလို့ ကျွန်တော့်အနေနဲ့လည်း တခြားသော မိမိလက်လှမ်းမီသည့် ပုဂ္ဂိုလ်များထံ ပေးပို့ပြီး အကူအညီ တောင်းခံပါတယ်။ အဲဒီလိုနဲ့ စောင့်မျှော်နေရင်းက ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာတော့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အောက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးလျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ ၃၁
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
အဆိုပါဝန်ထမ်းများအနေဖြင့် မိမိတို့ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် ဌာန၏ရုံးများသို့လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ် ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့ဆက်သွယ်ပါရန်နှင့် ဆက်သွယ်လာသူများအား စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသည့်ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူများအား အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးလျက်ရှိပါသည်။
အဲဒီသတင်းထုတ်ပြန်ချက်ကိုပဲ အစ်မထံ ပေးပို့ပြီး သက်ဆိုင်ရာမိမိကျောင်း၊ ပညာရေးမှူးရုံးကို သွားရောက်ပြီး Black List က ပယ်ဖျက်ပေးဖို့ ဆောင်ရွက်ရန် ပြောခဲ့ပါတယ်။
အစ်မဖြစ်သူလည်း သွားရောက်တွေ့ဆုံ ဆောင်ရွက်ပြီး လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂-၂-၂၀၂၆ ရက်နေ့ကနေ စပြီး လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် ယနေ့အချိန်အထိ အဆင်မပြေပါဘူး။
ယနေ့ (၂၀-၂-၂၀၂၆) ရက်နေ့ ပညာရေးမှူးရုံးကို သွားရောက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဆက်သွယ်ပြောကြားလာပါတယ်။ တာဝန်ထမ်းဆောင်ခဲ့စဉ်က ချေးငွေယူသုံးထားတာရှိလို့ ပြန်လည်ပေးသွင်းဖို့ ပညာရေးမှူးရဲ့ လက်မှတ်ရဖို့တောင် မလွယ်ကူတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။
တစ်ဖက်မှာ ပိုင်ရာဆိုင်ရာက ဖုန်းဆက်ပေးတဲ့သူတွေ Black List ကနေ ထုတ်ပယ်ပေးကြောင်း သတင်းများလည်း ကြားသိရပါတယ်။ ကျွန်တော်တို့မှာတော့ ပိုင်ရာဆိုင်ရာဆိုတာ မရှိပါဘူး။ လက်ရှိ တပ်မတော်အရာရှိ၊ အကြီးအကဲ မိသားစုဝင်ဆိုတာလည်း မရှိပါဘူး။ ဟိုးအတိတ်မှာတော့ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အဖွားရဲ့ မောင် အဖိုးဦးတင်ဦး ဆိုတာတော့ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် စာရင်းဝင်ပုဂ္ဂိုလ်ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။
Black List များ ပယ်ဖျက်ပေးလျက်ရှိကြောင်း ထုတ်ပြန်တဲ့သတင်းမှာ ပိုင်ရာဆိုင်ရာက ညွှန်ကြားမှ လုပ်ပေးရမယ်ဆိုတဲ့ အချက်တော့ မပါဘူး။ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ဆိုတာတော့ နိုင်ငံတော်အဆင့်က ထုတ်ပြန်ခြင်းဖြစ်တဲ့အတွက် သီးခြား ပိုင်ရာဆိုင်ရာ မလိုအပ်ဘူးလို့ ယူဆမိပါတယ်။
အခုတော့ ဆေးသွားကုချင်လို့ Black List က ပယ်ဖျက်ပေးဖို့အရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကျွန်တော့်အစ်မ ဆရာမ ဒေါ်ကြွယ်ကြွယ်လတ် အခက်ကြုံနေရပါသဖြင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ချောချောစိန်အားလည်းကောင်း၊ အခြားသော ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များအားလည်းကောင်း ကျွန်တော် နောင်တော်လေး က အနူးအညွတ် အသနားခံ တင်ပြအပ်ပါတယ်။ ကျွန်တော့်အစ်မ ဒေါ်ကြွယ်ကြွယ်လတ် သည် သူတပါး အတိဒုက္ခရောက်အောင် လှုံ့ဆော်ခဲ့သူ မဟုတ်ပါ။ သူတပါး ဒုက္ခပေးမှာကို ကြောက်ရွံ့၍ CDM ဖြစ်ခဲ့ရပါ။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် လုပ်ခဲ့ကြသည့် အကြမ်းဖက်သမားများကိုပင် ရှေးရှုမေတ္တာ၊ ကရုဏာဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်ရန်လမ်းဖွင့်ပေးထားသကဲ့သို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကိုလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်နေရပါတယ်။ ကျွန်တော့်အစ်မ ဒေါ်ကြွယ်ကြွယ်လတ်သည် သူတပါးကို ဒုက္ခပေးခဲ့သူမဟုတ်ကြောင်း ကျွန်တော်၏ အသက်နှင့် ထပ်၍ အာမခံပါတယ်။ နိုင်ငံတော်ရဲ့ ထုတ်ပြန်ချက်နဲ့အညီ Black List မှ အမြန်ဆုံးပယ်ဖျက်ပေးနိုင်ပါရန် ပိုင်ရာဆိုင်ရာပုဂ္ဂိုလ်များ ကူညီပေးကြဖို့ ရိုသေလေးစားစွာဖြင့် အနူးအညွတ် အသနားခံ တင်ပြအပ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment