စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂
မင်းကွန်းပညာရေးအကယ်ဒမီ တည်ထောင်သူ ဆရာတော်ဦးဝီရသူမှ ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ရရန် အခက်တွေ့နေကြောင်း မိန့်ကြားခဲ့ပြီး ယခုအခါ စာမေးပွဲ ဖြေဆိုခွင့်ရရှိဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးဝီရသူ က အခက်အခဲ ကြုံတွေ့နေရပုံနှင့် ပတ်သက်၍ မင်းကွန်းပညာရေးအကယ်ဒမီ ဘကကျောင်းတည်ထောင်ခဲ့တာ ၂၀၁၈-၂၀၂၉ မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီတုန်းက အောင်မြင်ဦးဘကကျောင်းနဲ့တွဲခဲ့ရကြောင်း၊ အောင်မြင်ဦးနဲ့ တွဲလို့ရတာကို တွဲပြီး G-9 တို့ ဘာတို့ ဖောင်တော်ဦးမှာ သွားဖြေရကြောင်း၊ တက္ကသိုလ်ဝင်တန်း G-12 ကို စစ်ကိုင်းတွင် တက်ဖြေခဲ့ရကြောင်း၊ ဒီလိုနဲ့ မင်းကွန်းပညာရေးအကယ်ဒမီရဲ့ ပညာရေးဟာ ချောချောမွေ့မွေ့ဖြင့် အဆင်ပြေနေခဲ့ကြောင်း၊ ဒါပေမယ့် ဟိုတစ်နှစ်ကစပြီး ဘကကျောင်းမူဝါဒတွေ အပြောင်းအလဲလုပ်တဲ့အခါမှာ တွဲကျောင်းတွေ လက်မခံတော့တဲ့အခြေအနေထိ ရောက်ရှိသွားကြောင်း၊ အဲဒီတော့ ဦးဇင်းတို့က G-9, G-10, G-11, G-12 ဆိုတော့ ဘကကျောင်းတွေနဲ့ တွဲလို့မရတော့ကြောင်း၊ ဘကကျောင်းများဖြင့် တွဲမရတော့သဖြင့် ကိုယ်ပိုင်ကျောင်းများဖြင့် တွဲရသည့်အခါ ပိုက်ဆံပေးရကြောင်း၊ ကလေးအများစုက ဆင်းရဲကြကြောင်း၊ မိခင်မရှိတော့တဲ့ ကလေးတွေရှိသလို ဖခင်မရှိတော့တဲ့ ကလေးတွေ ရှိကြောင်း၊ မိခင် ဖခင် နှစ်ပါးလုံးမရှိတော့တဲ့ ကလေးတွေလည်း ရှိကြောင်း၊ မိခင် ဖခင်ရှိသော်လည်း ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေ ရှိကြောင်း၊ ငွေကြေးပြည့်စုံသော်လည်း မြို့တက်ကျောင်းမထားနိုင်တဲ့ ကလေးတွေရှိကြောင်း၊ ဒီကလေးတွေအားလုံးကို ဦးဇင်းတို့က လက်ခံထားပြီးတော့ ပြုစုပျိုးထောင်ထားခြင်းဖြစ်ကြောင်း၊ သာမန်ဘကမဟုတ်ဘဲ ပညာရေးအဓိထားပြီး မောင်နှင်ပေးနေတဲ့ ဘကကျောင်းဖြစ်ပါကြောင်း၊ ဂုဏ်ထူးများလည်း ထွက်ကြောင်း၊ အောင်ချက်လည်း ကောင်းမွန်ပါကြောင်း၊ ယမန်နှစ်က ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် တွဲရသဖြင့် ငွေပေးရကြောင်း၊ ကလေးတစ်ယောက် ငွေ ၁သိန်း ဆိုရင် ကလေး (၄၀၀)ကျော် ဆိုတော့ သိန်း(၄၀၀)ကျော် ပေးရမှာ ဖြစ်သဖြင့် ဦးဇင်းမစိုက်နိုင်သဖြင့် ကျောင်းသားများထံမှ ကောက်ခံခဲ့ရကြောင်း၊ တချို့ကလေးများက မပေးနိုင်သဖြင့် ဆရာတော်မှ စိုက်ပေးခဲ့ရကြောင်း၊ ဒီနှစ်ကြတော့ နိုင်ငံတော်အစိုးရထံ ပထမအကြိမ်စာတင်ခဲ့ကြောင်း၊ ၈-၉-၂၀၂၅ ရက်နေ့တွင် တင်ပြခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က စုံစမ်းစစ်ဆေးရေး စေလွှတ်ခဲ့ကြောင်း၊ ဦးဇင်းတို့ကျောင်းက အမှန်တကယ်ပဲ ပညာရေးသက်သက်ကျောင်းဖြစ်တယ်၊ မနက် (၄ ၀၀)နာရီမှ (ည ၁၁ ၀၀)နာရီအထိ အမှန်တကယ်မောင်းနှင်တဲ့ ပညာဓိကကျောင်းတော်ကြီး ဖြစ်တယ်ဆိုတာသူတို့ တွေ့ရှိသွားကြောင်း၊ မူဝါဒအားဖြင့် စာရင်းသာရှိပြီး လူမရှိတာမျိုး လက်မခံ၊ လူသာရှိပြီး စာရင်းမရှိတာမျိုးလည်း လက်မခံ၊ လူရော စာရင်းရောရှိမှ လက်ခံသင်ကြားပေးတဲ့ ပညာရေးဌာနကြီးဖြစ်ကြောင်း၊ ဒီအကြောင်းကို စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းခရိုင်တို့ စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပညာရေးဌာနတို့ အကုန်သိကြပါကြောင်း၊ ၂လပိုင်း ၄ရက်နေ့ဆိုရင် တချို့အတန်းတွေ စာမေးပွဲဖြေကြရတော့မည်ဖြစ်ကြောင်း၊ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်ခွင့်လေးတောင် မရသေးကြောင်း ၂၉-၁-၂၀၂၆ ရက်နေ့တွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဆရာတော်မှ ကျောင်းသား/ ကျောင်းသူများ ရှေ့ရေး လမ်းပေါ်ထွက်တောင်းဆိုရမည်ဆိုလည်း အသင့်ပါဟု မိန့်ကြားခဲ့သည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ယနေ့ (၂-၂-၂၀၂၆)ရက်နေ့ ဆရာတော်ဦးဝီရသူ နှင့် နီစပ်သည့် နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ဆရာတော် ဦးပညာ က "မင်းကွန်းအကယ်ဒမီက ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုခွင့်ရသွားပါပြီ" ဟု အသိပေးပြောကြားထားသည်။
#News #MNP






No comments:
Post a Comment