မင်းဘူး ၊ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီးတွင် ယနေ့ထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူပေါင်း သုံးသောင်းခန့်လာရောက်ခဲ့ပြီး တည်းခိုဆောင်အခန်းများ ပြည့်သည်အထိစည်ကားခဲ့ကြောင်း မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော တပို့တွဲလဆန်း ၅ ရက်နေ့ကစပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ (၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ) ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ပွဲတော်ကာလ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်ရှည်များအပါအဝင် ယခုလ ၁၆ ရက်နေ့အထိ ဘုရားဖူးပြည်သူသုံးသောင်းခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း၊ ဘုရားဖူးပြည်သူများအား တည်းခိုဆောင်များတွင် စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားကားများအပြင် ကိုယ်ပိုင်ကားများဖြင့်လည်း လာရောက်ခဲ့ကြောင်း၊ နေ့စဉ်ယာဉ်ဝင်ထွက်မှုအနေဖြင့် ကားအစီးရေပေါင်း ၅၀ နှင့် ၁၀၀ ကြားရှိပြီး ယခင်နှစ် ဘုရားပွဲတော်ကာလထက် ယခုနှစ်တွင် ထူးထူးခြားခြားပို၍စည်ကားခဲ့ကြောင်း၊ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ယခုတစ်ပတ်အစိုးရရုံးပိတ်ရက်ရှည်ကာလများတွင် တည်းခိုဆောင် အခန်းများ ပြည့်သည်အထိလာရောက်ခဲ့ကြပြီး Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးချိန်တွင် ဘုရားဖူးခရီးသွားများ ယခုထက်ပိုမိုစည်ကားနိုင်ကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောကြားသည်။
မန်းရွှေစက်တော်ရာဘုရားကြီး၌ ဘုရားပွဲတော် ကျင်းပစဉ်ကာလတစ်လျှောက် ပွဲတော်ဖွင့်ပွဲရက်၊ တပို့တွဲလပြည့်နေ့၊ တပေါင်းလပြည့်နေ့နှင့် တန်ခူးလမဟာသင်္ကြန်ရုံးပိတ်ရက်ကာလများတွင် နှစ်စဉ်နှစ်တိုင်း အစည်ကားဆုံးဖြစ်ကာ ယခုနှစ်ဘုရားပွဲတော်ကာလတွင် အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မန်းရွှေစက်တော်ရာ ဘုရားကြီးအနီးရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံများက ရှေးရိုးရာ အစဉ်အလာမပျက် လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးလာရောက်နိုင်ရေး စီစဉ်လျက်ရှိကြကြောင်း၊ အဆိုပါကျေးရွာမှ လှည်းယာဉ်တန်းများသည် တပေါင်းလပြည့်နေ့မတိုင်မီ ဘုရားဖူးလာရောက်ကြပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ပြန်လည်ထွက်ခွာလေ့ရှိသဖြင့် လှည့်းဝိုင်းအဖွဲ့များနှင့်တွေ့ဆုံ၍ အမှတ်တရ မှတ်တမ်းရယူခြင်းနှင့် လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးသွားရောက်သည့် ရှေးရိုးရာဓလေ့ အစဉ်အလာကို လေ့လာလိုသည့် ဘုရားဖူးပြည်သူများအနေဖြင့် တပေါင်းလပြည့်နေ့မတိုင်မီ လာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်အပ်ပါကြောင်း ဦးအေးကိုက ရှင်းပြသည်။
“ကျွန်တော်တို့ မိသားစုက မကွေးမြို့ကနေ နေ့ချင်းပြန်လာကြတာပါ။ ဘုရားရောက်တော့ ခြေတော်ရာနှစ်ဆူကို ဦးခိုက်ဖူးမြော်ပြီး ဘုရားပန်းလှူ၊ ရွှေသင်္ကန်းနဲ့ ဆွမ်းကပ်လှူတယ်။ ဒါ့အပြင် နဂါးစာကျွေးကုသိုလ်ပြုပြီး ဘုရားက မျောက်ကလေးတွေကို အစာကျွေးကြတယ်။ အိမ်ကကလေးတွေ ဘုရားဖူးလည်ပတ်ရင်း ပင်ပန်းထားသမျှ မန်းချောင်းထဲမှာ ရေချိုးပြီး အပန်းဖြေနေတာ မြင်တွေ့ရတော့ စိတ်ထဲမှာကြည်နူးပျော်ရွှင်ရပါတယ်”ဟု မကွေးမြို့မှ ဘုရားဖူးလာရောက်သူ ကိုဇော်ဌေးလှိုင်က ပြောသည်။
“မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားပြီးတော့ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဘုရားဖူးကားနဲ့ အပေါင်းအသင်းတွေနဲ့အတူ ကျွန်မတို့ မိသားစုလိုက်လာကြတာပါ။ ဘုရားပွဲတော်က ဆောင်းအကုန်နွေအကူးကာလဆိုတော့ နွေရဲ့ရသကို ပိုပြီးခံစားရသလို လမ်းတစ်လျောက်မှာလည်းအပင်တွေက ရွက်ဟောင်းကြွေ ရွက်သစ်ဝေနေတဲ့ မြင်ကွင်းက လွမ်းမောဖွယ်ရာ ကောင်းလှပါတယ်။ လာမယ့်နှစ်တွေမှာလည်း မန်းရွှေစက်တော်ကို အန်တီတို့ မိသားစုနဲ့အတူ နောက်တစ်ကြိမ် ဘုရားဖူးလာနိုင်အောင် ကြိုးစားသွားအုံးမှာပါ”ဟု ရန်ကုန်မြို့မှ ဘုရားဖူးလာရောက် လည်ပတ်သူ ဒေါ်မြင့်ကြည်က ပြောသည်။
“မန်းရွှေစက်တော်ကို လာလည်ချင်နေတာကြာပြီ။ ရွှေစက်တော်ဘုရားပွဲကို တစ်ခါမှ မရောက်ဘူးသေးလို့ အိမ်ကကလေးငယ်တွေနဲ့တူ ရောက်ဖူးအောင်လာလိုက်တာပါ။ လမ်းခရီး တစ်လျှောက်အေးချမ်းသာယာပြီး ဘုရားကိုရောက်တော့လည်း ရင်ထဲရောစိတ်ထဲမှာပါ အေးချမ်း ပျော်ရွှင်ရပါတယ်။ ဘုရားဖူးခရီးသွားရင်း အလှူအတန်းနဲ့ကောင်းမှု ကုသိုလ်တွေပြုလုပ်တယ်။ ဘုရားပွဲ ဈေးတန်းမှာလည်ပတ်ပြီး မန်းချောင်းထဲရေချိုးရတာ အရမ်းပဲပျော်စရာကောင်းပါတယ်။ မန်းရွှေစက်တော်ဘုရားကြီးက အေးချမ်းသာယာပြီး ဘုရားဖူးလည်ပတ်ရင်း ပျော်ရွှင်စရာကောင်းတဲ့ နေရာဖြစ်လို့ ရောက်ဖူးတဲ့သူတွေရော မရောက်ဘူးသေးတဲ့ သူတွေရော ဘုရားဖူးလာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်မှ ဘုရားဖူးခရီးသွားပြည်သူ ဒေါ်ဌေးဌေးလှိုင်က ပြောသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန်ရုံးပိတ်ရက်များအပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက် နေ့ထိ) ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
https://t.me/MyanmarNationalPost
No comments:
Post a Comment