နေပြည်တော်၊ ဖေဖော်ဝါရီ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး တက်ရောက်အားပေးသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ သည် ဖျော်ဖြေပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့် တရုတ်နှစ်သစ်ကူး အထိမ်း အမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဖျော်ဖြေပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ပြီး တရုတ်နိုင်ငံ၏ နွေဦး ပွဲတော်ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်း Video Clip ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ တည်ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုသည် စိန်ရတုအခါသမယ ပြည့် မြောက်ခဲ့ပြီး ယခုချိန်ထိ ဆက်လက်ရှင်သန် ခိုင်မြဲတိုးတက်နေဆဲဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကိုအခြေခံ၍ ကဏ္ဍစုံတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင် ရွက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့ တွေ့ဆုံရာတွင်လည်း ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့တွင် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း။
တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် အချိန်တွင်လည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကူအညီပေး အပ်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေသတွင်းသာမက နိုင်ငံတကာ အသိုက်အဝန်းတွင်ပါ စဉ်ဆက် မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း တန်ဖိုးထား ပါကြောင်း၊ ၂၀၂၆ ခုနှစ်သည် တရုတ်ပြက္ခဒိန်အရ မြင်းနှစ်ဖြစ်သည့် အတွက် စိန်ခေါ်မှုများကို ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်နိုင်မည်ဟု မှတ်သားမိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများအားလုံး မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်ဖြတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ma Jia က တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နှစ်သစ်ကူး အထိမ်းအမှတ် ဖျော်ဖြေပွဲ အခမ်းအနားကျင်းပခြင်း ရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံပြည်သူများအတွက် ဆုမွန်ကောင်း စကားများပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ သည် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် တရုတ်ရိုးရာယဉ်ကျေးမှု အဆိုအက များဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြသည်။
၎င်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တရုတ်နိုင်ငံ သံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် အထိမ်းအမှတ်ညစာစားပွဲသို့ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment