မြိတ် ၊ ဖေဖော်ဝါရီ ၂၂
တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၏ ငါးနှင့်ငါးနေထိုင်ကျက်စားသည့် ရေအောက်ဇီဝဗေဒအခြေအနေ ဆန်းစစ်သုတေသနပြုရန်၊ ငါးသယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရန်၊ မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာ တည်ရှိစေရန်အတွက် အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့၏ M.V.SEAFDEC 2 သုတေသနရေယာဉ်ဖြင့် တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် ရက်ပေါင်း (၃၀) ငါးသယံဇာတသုတေသနပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတသုတေသနပြုဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄) နာရီခွဲက ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းဆိပ်ခံတံတားတွင် ကျင်းပရာ ဦးစွာတနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက သုတေသနဆောင်ရွက်ခြင်းဖြင့် တနင်္သာရီကမ်းရိုးတန်း ပတ်ဝန်းကျင်အခြေအနေ၊ ရေ၏ဓါတု၊ ရူပဆိုင်ရာအချက်အလက်၊ အပင်မျှောလှေးများ၊ သတ္တမျှောလှေးများ၊ ငါးဥနှင့် သားလောင်းများ ပါဝင်မှု၊ ငါးသယံဇာတ တည်ရှိမှုအခြေအနေများကို သိပ္ပံနည်းကျဆောင်ရွက်နိုင်ပြီး ရရှိလာသည့် ရလာဒ်များအရ သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ တိကျစွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး တိုင်းဒေသကြီး၏ ငါးသယံဇာတစီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုများအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ငါးသယံဇာတသုတေသနပြုလုပ်ငန်းများ ဆောင်ရွက်သည့် ရည်ရွယ်ချက်များနှင့် မြန်မာ့ငါးလုပ်ငန်းရေပြင်တွင် သုတေသနပြုဆောင်ရွက်ပြီးခဲ့မှုများ၊ သုတေသနဆောင်ရွက်မည့် အစီအစဉ်များနှင့် ငါးသယံဇာတသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ M.V. SEAFDEC 2 သုတေသနရေယာဉ်၏ သုတေသနပညာရှင် Mr. NAKARET YASUK မှ ခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် SEAFDEC 2 ရေယာဥ်ဖြင့် ထိုင်းပညာရှင်များ မြန်မာပညာရှင်များ ပူးပေါင်း၍ တနင်္သာရီကမ်းရိုးတန်းရေပြင်အတွင်း သုတေသနပြုခြင်း အမှတ်တရလက်ဆောင်များအား ငါးလုပ်ငန်းဦစီးဌာန ညွန်ကြားရေးမှူးချူပ်မှ ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ရေယာဥ် Captain တို့က လက်ခံကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သုတေသနရေယာဉ်ပေါ်သို့ တက်ရောက်လေ့လာခဲ့ကြရာ ရေယာဉ် Captain နှင့် Local Cruise Leader များမှ ရှင်းလင်းပြသခဲ့ကြသည်။
ငါးသယံဇာတသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တနင်္သာရီကမ်းရိုးတန်းရေပြင်ရှိ ငါးများ၏ ကွဲပြားခြားနားသော ရေပြင်အလိုက်၊ မျိူးစိတ်အလိုက်၊ အရွယ်အစားအလိုက် ပျံ့နှံ့တည်ရှိမှုအား လေ့လာပြီး တစ်နာရီငါးအထိအမိတွက်ချက်၍ ငါးဖမ်းကိရိယာအမျိုးအစားအလိုက် ငါးဖမ်းလှေများအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်း၊ ငါးများ၏ မျိုးပွားအင်္ဂါအရွယ်ရောက်မှု၊ ငါးသယံဇာတပေါက်ပွားမှုနှင့် အစာကွင်းဆက်စနစ်အား ဖြစ်ပေါ်စေသည့် အပင်မျှော လှေး၊ သတ္တမျှောလှေး၊ ငါးဥနှင့် သားပေါက်ရာသီအား လေ့လာသိရှိခြင်းမှတဆင့် ငါးမျိုးစိတ်အလိုက်၊ နေရာဒေသအလိုက်၊ ငါးမျိုးပွားရာသီများ သတ်မှတ်ပြီး ထိန်းသိမ်းနိုင်ခြင်း၊ အဏ္ဏဝါအမှိုက် သရိုက်တည်ရှိမှု အမျိုးအစား၊ ပမာဏအအား လေ့လာပြီး ကမ်းရိုးတန်းအလိုက် အမှိုက်သရိုက်စီမံခန့်ခွဲမှု စီမံချက်များအား ဆက်စပ် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ငါးသယံဇာတများကိုရေရှည်တည်တံ့၍ အကျိုးရှိစွာအသုံးချနိုင်ပြီး ရေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။
အဆိုပါသုတေသနလုပ်ငန်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ (၂၂) ရက်မှ မတ် (၂၂) ရက်အထိ တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် နိုင်ငံတကာပညာရှင် (၅) ဦးနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များ၊ မြိတ်တက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ ပညာရှင်များ၊ တပ်မတော် (ရေ) မှ ပညာရှင်များ စုစုပေါင်း (၁၂) ဦး၊ ရေယာဥ်တာဝန်ရှိ ဝန်ထမ်း (၁၆) ဦးလိုက်ပါ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment