နေပြည်တော်၊ ဖေော်ဝါရီ ၇
ယနေ့ကျရောက်သည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားများကို ရှမ်းပြည်နယ်၊ မြို့နယ်အသီးသီးတွင် ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းများကျင်းပရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားတင်ပြပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
(၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းကို မိုင်းပျဉ်းမြို့၊ မိုင်းယုမြို့၊ ကျေးသီးမြို့၊ မောက်မယ်မြို့၊ ဖယ်ခုံမြို့၊ မိုင်းရှူးမြို့၊ မိုင်းတုံမြို့ ၊ မိုင်းဖြတ်မြို့၊ နောင်ချိုမြို့၊ ပင်းတယမြို့ ၊ လဲချားမြို့၊ မက်မန်းမြို့၊ ရပ်စောက်မြို့၊ ဆီဆိုင်မြို့ ၊ မိုင်းခတ်မြို့၊ ဟိုပုံးမြို့တို့တွင် ကျင်းပခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ရေးမှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
(၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အချိန်တိုကာလအတွင်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ၊ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးဖြစ်ပွားမှု တို့ကြောင့် ကြုံတွေ့လာရသည့် ထိခိုက်ပျက်စီးမှုများကိုလည်း ငွေကြေးဘီလီယံပေါင်းများစွာကျခံပြီး ပြန်လည်တည်ဆောက်ပေး လျက်ရှိကြောင်း၊ ဤကဲ့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရရုံးဌာနအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများနှင့် စေတီပုထိုးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် ၁၄၇ ဘီလီယံကျော် ခွဲဝေချထားကာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်စေလျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုဖွားတိုင်းရင်းသားဖြစ်သည်ဟူသည့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရေးပင် ဖြစ်ကြောင်း ပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီးက "တိုင်းပြည်တစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန် ရပ်တည်နေနိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည်ဖြစ်ပါတယ်။ နိုင်ငံနှင့် လူမျိုးတို့ ထာဝရတည်တံ့ခိုင်မြဲရေးကို ကိုယ်စွမ်း ကိုယ်စနှင့် စည်းလုံးညီညွတ်သော စွမ်းအားတို့ဖြင့် ထိန်းသိမ်းမှုမပြုနိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုစေလိုပါတယ်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြ ရမည်ဖြစ်ပါတယ်။ နိုင်ငံတော်အပေါ် ဘေးအန္တရာယ်ကျရောက်လာ လျှင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာ လက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိနှင့် စုပေါင်းစွမ်းအားဖြင့် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုများ အကြား လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကဲ့သို့ စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ရန် ဝိုင်းဝန်းကြိုးစားသွားကြရမှာ ဖြစ်ပါတယ်" ဟု သဝဏ်လွှာပေးပို့ထားသည်။
#MNP #News














No comments:
Post a Comment