
နေပြည်တော် ၊ဖေဖော်ဝါရီ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ရာ၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၃၁၅)၊ (၃၁၆)နှင့် (၂၇၇)တို့အား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်(SOP)အတိုင်းပြင်ဆင်ရန်နှင့် မူလထက်ပိုမိုခိုင်ခံ့စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးအောင် အလေးထားဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်းအသုံးပြုရေး၊ ငလျင်ဒဏ်အပြင်သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးနှင့် ဘေးပတ်ဝန်ကျင်သန့်ရှင်းသာယာလှပရေး၊ ရေနှုတ်မြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ယင်းနောက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အုန်းပင်ကုန်းကျေးရွာအနီးရှိ ပွဲစားရေလွှဲဆည်ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်သည့် ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ပွဲစားရေလွှဲဆည် ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်ပြီးစီးမှုအခမ်းအနားသို့ တက်ရောက်သည်။ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ လုပ်ငန်းများအကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရန် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်သည်မှ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပြီး နေပြည်တော်တစ်ဝှမ်းလုံးမှာ စပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးနှင့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးပြီး စားရေရိက္ခာဖူလုံရေးအတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာအပါအဝင် ကျေးရွာ(၇)ရွာမှာရှိတဲ့ တောင်သူတွေအတွက် ပွဲစားရေလွှဲဆည်မှ ရေပေးဝေနိုင်မှာ ဖြစ်တဲ့အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံဟာ ကျေးလက်နေပြည်သူလူထု(၇၀)ရာခိုင်နှုန်းရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြု နေထိုင်လျက်ရှိပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံဖြစ်သည့်အတွက် လယ်ယာကဏ္ဍဟာ နိုင်ငံတော်အတွက် များစွာအရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ “မျိုး၊ မြေ၊ ရေ၊ နည်း” စိုက်နည်းစနစ်မှန်ကန်စေရေးမှာ အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်နိုင်ရေး၊ ဆည်ရေများကို စနစ်တကျအသုံးပြုစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာကို အချိုးကျစွာပေါင်းစပ်အသုံးပြုနိုင်ရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ ရေလုံလောက်စွာရရှိရန်နှင့် နည်းစနစ်ကောင်းမွန်စွာဖြင့် သီးနှံများကိုရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ ရေကိုစနစ်တကျဖြင့် အသုံးချရန်နှင့် ရေပေးဝေရေးစနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေကိုအကျိုးရှိစွာအသုံးချနိုင်ရေး သုတေသနလုပ်ငန်းများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဆည်၊ ကန်၊ ရေလွှဲ ဆည်(၃၂)ခုရှိပြီး ဆည်ရေသောက်ဧရိယာဧက( ၇၅၄၃၃ ) ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်စေရန်၊ စပါး၊ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်နှင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်စေရန်အတွက် တည်ဆောက်ပြီးတဲ့ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်များမှ သာမကအခြားရေရရှိနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတဲ့အခါ ရေအရင်း အမြစ်ရှိတဲ့နေရာတွေမှာ ယာယီချောင်းပိတ်ဆည်များ၊ ရေလွှဲဆည်များ တည်ဆောက်ပေးခြင်း၊ လျှပ်စစ်ရေတင်များ တည်ဆောက်ပေးခြင်းနှင့် ရေအရင်းအမြစ်မရှိတဲ့နေရာတွင် စက်ရေတွင်းတွေတူးဖော်ပေးပြီး စိုက်ပျိုးရေ၊ ဖြည့်စွက်ရေပေးဝေနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပွဲစားရေလွှဲဆည်ဟာဆိုရင် ဆည်ရေသောက်ဧရိယာ ဧက(၁၈၇၀)ကို မိုးစပါးအောင်ရေနှင့်ဆောင်းသီးနှံများ သေချာစွာစိုက်ပျိုးနိုင်ရေး ရေပေးဝေပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အမှာစကားပြောကြားပြီး ဆည်ရေသောက်တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ပွဲစားရေလွှဲဆည် ပြုပြင်တည်ဆောက်ခြင်းပြီးစီးမှု ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ပြီး ဆည်ရေသိုလှောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လှံနှုတ်ဆက်ခဲ့သည်။ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများလိုက်ပါလျက် တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာ နဝင်းချောင်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကျေးရွာတွင် ဆိတ်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်၊ ကျေးရွာအတွင်းအရင်းမပျောက်မတည်၍ လည်ပတ်နိုင်ရန်၊ ဒေသအတွင်း အသားကဏ္ဍဖူလုံစေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခြံလှောင်စနစ်ဖြင့်မွေးမြူထားသော ဒေသဆိတ် (ထိန်စမ်း)မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခြံအတွင်းသန့်ရှင်းမှုရှိစေရေး၊ ရောဂါကာကွယ်ရေး အထူးဂရုပြုရန်နှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ရန်၊ အသားကဏ္ဍဖူလုံမှုရှိစေရေး အကောင်ရေတိုးချဲ့မွေးမြူရန်နှင့် ဥစာကြက်မွေးမြူရန်လျာထား စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာအနီး နေပန်လပန် စနစ်ကျလယ်ယာမြေရှိ တောင်သူဦးနေလင်း၏ လယ်မြေ ၃ ဧက၌ နွေစပါးစိုက်ခင်းအား သမန်းနှိုးခြင်းကိရိယာအသုံးပြု၍ သွင်းအားစုပက်ဖျန်းနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများအား တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)
https://t.me/MyanmarNationalPost
No comments:
Post a Comment