နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း အေးအတူပူအမျှ အတူလက်တွဲ နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားများအနက် တစ်ခုအပါအဝင်ဖြစ်သော ချင်း တိုင်းရင်းသားတို့၏ အထိမ်းအမှတ် အခမ်းအနားတစ်ခုဖြစ်သည့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပလျက်ရှိသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံး နေရာသို့ CDF (ဟားခါး)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက အခမ်းအနားကျင်းပနေမှုကို ပျက်စီးစေရန်နှင့် အဆိုပါအခမ်းအနား တက်ရောက်လာကြသည့် အများပြည်သူများ ထိခိုက်သေကျေအောင် ရည်ရွယ်ချက်ဖြင့် FPV suicide drone များဖြင့် ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပပြုလုပ် နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးအား CDF (ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်း၌ FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခြင်းဆောင်ရွက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်း ဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အခမ်းအနားကျင်းပနေသည့်နေရာသို့ ကျရောက် ပေါက်ကွဲခြင်းမရှိဘဲ အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင်ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့်အဆောက်အအုံများထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပသည့်နေရာနှင့် အများပြည်သူ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် လူစည် ကားရာ နေရာများတွင် အများပြည်သူများအား ထိခိုက်သေကျေပျက်စီးစေရန် ရည်ရွယ်ချက် ရှိစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ဒေသခံပြည်သူများအနေဖြင့် စက်ဆုတ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုံ့ချ လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များအား ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #MNP

No comments:
Post a Comment