မန္တလေး ၊ မတ် ၃၀
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို မတ် ၃၀ ရက် နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တာ် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ် (၇၂)ဦးရှိသည့်အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းကြောင်း ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၊ စည်ပင်သာယာရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယင်းကော်မတီများအား ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ၎င်းကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက ကော်မတီများဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး စတုတ္ထနေ့ကို မတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment