နေပြည်တော်၊ မတ် ၁၈
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက နှုတ်ခွန်းဆက်စကား ပြောကြားရာ အခက်အခဲများစွာကြားကပင် လွတ်လပ် ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
ယနေ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ ကြပါစေကြောင်း ဦးစွာ ပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ဟာ ဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ တတိယအကြိမ် အမျိုးသားလွှတ်တော် စတင်တဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာ နေ့တစ်နေ့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်းနဲ့ ကျွန်တော့်ဘဝရဲ့ မှတ်တိုင် တစ်ခုအဖြစ် စွဲမြဲစွာ မှတ်သားထားရှိ သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဟာ မဖြစ်မနေလုပ်ရမဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် အခက်အခဲများစွာကြားကပင် လွတ်လပ် ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီလိုရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့လို့လည်း ယနေ့ ပြည်သူများရွေးကောက်တင် မြှောက်ပေး လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ တတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးကြီးကို တက်ရောက်လာနိုင်ကြတာပဲ ဖြစ်ပါတယ်။
လွှတ်တော်ဆိုတာ ဥပဒေပြုရေးအာဏာကို ပြည်သူလူထုထံမှ ရရှိထားတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) အရ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်သွားရမှာဖြစ် ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့အခန်းကဏ္ဍဟာ ကြီးမားသလို လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။
အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ အရ ဖွဲ့စည်း ထားတာဖြစ်ပြီး ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများမှ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီအမည်စာရင်းတင်သွင်းထား တဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူအများက ယုံကြည်စွာ ရွေးချယ် ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ မိမိတို့ကို ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူတို့ရဲ့အသံကို နားထောင်ပြီး အတတ်နိုင်ဆုံးဖြည့် ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးချယ်တင် မြှောက်လိုက်တဲ့ . ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူ့အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်ကြရန် တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေဟာ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရမှာ ဖြစ်တဲ့အတွက် ပြည်သူ့ အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်အောင် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း တိုးတက်မြင့်မားစေဖို့ စဉ်ဆက်မပြတ် လေ့လာသွားကြရမှာ ဖြစ်ပါတယ်။
ဥပဒေပြုရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုး စီးပွားဖြစ်ထွန်းစေမှုတွေကို ဖော်ဆောင်ပေးမဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးတာ၊ ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာတွေ၊ ခေတ်စနစ်နဲ့လျော်ညီမှုမရှိ တော့တဲ့ ဥပဒေတွေကို ရုပ်သိမ်းတာတွေဆောင်ရွက်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
တာဝန်ကို နိဂုံးချုပ်အနေဖြင့် ကျွန်တော်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ထမ်းဆောင်ခွင့် ရတဲ့အချိန်မှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးကို ရှေးရှုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်ရဲ့ထုံးတမ်းအစဉ်အလာတွေကို တိကျစွာ လေးစား လိုက်နာပြီး သမာသမတ်ကျစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြပါစို့ဟု တိုက်တွန်းပြောကြားသည်။
#MNP #News

No comments:
Post a Comment