ပဲခူး၊ မတ် ၁၆
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအပြင် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုမိတ်ဆက်ပွဲ ပြုလုပ်ပေးရခြင်းသည် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုတင်သိရှိနိုင်စေဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လွှတ်တော်၏တာဝန်များဖြစ်တဲ့ ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း စသည်တို့ကို အများပြည်သူတို့အား ထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကို ပြည်သူ များက စိတ်ဝင်တစား ပူးပေါင်းလာတာနဲ့အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်လာနိုင်မှာဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာ စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လုပ်ငန်းဆောင်ရွက်ချက်များ(အနှစ်ချုပ်)၊ လွှတ်တော်ရုံးဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်စားလှယ်များ စရိတ် ချီးမြှင့်ငွေဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကျင်းပရေးစီမံချက်၊ ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပမှုပုံစံ၊ ရွေးချယ်တင်မြောက် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ပဲခူးတိုင်း ဒေသကြီး တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးအား မတ်လ(၂၀)ရက်နေ့တွင် အစီအစဉ်(၁၈)ရပ်ဖြင့် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #MNP








No comments:
Post a Comment