ပန်းတောင်းမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုငွေများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုငွေများ ဆက်ကပ်လှူဒါန်း




ပန်းတောင်း  ၊ မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ထီးဖြူတော်ဂါထာဖြင့် ဂုဏ်ပြုဖွင့်လှစ်ပူဇော်သည်။ ထို့နောက် တက်ရောက်လာကြသောဧည့်ပရိသတ်များက အောင်မြေဘုံကျော် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ဆက်လက်၍ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို မြို့နယ်ဥပဌာကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်က ဖတ်ကြားပူဇော်ပြီး ပြည်မြို့စန္ဒယားဝေယံလင်း မြန်မာမှုတေးဂီတအဖွဲ့မှ တေးသံရှင် ပေါက်ခေါင်းရွှေထွန်းက ရတုပိုဒ်စုံဖြင့် ပူဇော်ကန်တော့သည်။ ယင်းနောက် ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းရာ ၂၀၂၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဥသျှစ်ပင်မြို့၊ သုခိတာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို လည်းကောင်း၊၂၀၂၅ ခုနှစ် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲတွင် ကျမ်း (၃) ကျမ်းအောင်မြင်တော်မူသည့် ဘဒ္ဒန္တစန္ဒိမာ (စွယ်တော်ကျောင်း) နှင့် ဘဒ္ဒန္တဝိနယ (ရွှေညောင်ပင်ကျောင်း) တို့အား အောင်လက်မှတ်နှင့် အဆောင်အယောင်များကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း အောင်မြင်တော်မူသည့် အရှင်ဣဿရိယလင်္ကာရနှင့် ပထမလတ်တန်း အောင်မြင်တော်မူသည့် ရှင်ဉာဏဓဇ တို့အပါအဝင် စာအောင်သံဃာတော်များနှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)