Pages

Pages

ပြည်ခိုင်ဖြိုးအစိုးရကို မျှော်ကြည့်ခြင်း


၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အများစု အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ပြီဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းချုပ် အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၃၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀၈ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၇၉ ဦး၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၁ဦး အထိ အနိုင်ရရှိထားပါတယ်။ ရွေးကောက်ပွဲတွင် အောင်မြင်မှုရခဲ့တဲ့အတွက် ၂၀၂၆ - ၂၀၃၀ ကာလကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က တိုင်းရေးပြည်ရာကို ဦးဆောင်စီမံခန့်ခွဲမယ့်ပါတီ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းချိန် ၂၀၁၀ မှ ၂၀၂၅ ကာလကို ပြည်ခိုင်ဖြိုးပါတီကပဲ ဦးဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သူများအနေနဲ့လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခြေအနေများကို ပြန်လည်သုံးသပ် ချိန်ဆပြင်ဆင်တာတွေ လုပ်ခဲ့ကြလိမ့်မယ်လို့ ယူဆပါတယ်။ ၂၀၁၀-၁၅ ကာလမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အတိုက်အခံအင်အားစုများရဲ့ တိုက်တွန်းမှုများကို လိုက်လျောပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ပြည်သူများရဲ့ လိုလားချက်နဲ့ ထင်ဟပ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့တာကိုတော့ ငြင်းလို့မရပါဘူး။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍမှာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပေးခဲ့ပါတယ်။ စက်သုံးဆီ တင်သွင်းဖြန့်ချိရေးလုပ်ငန်းများကိုလည်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်များ အစပြုပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဈေးကွက်စီးပွားရေးလမ်းကြောင်းပေါ်ကို တင်ပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၁၀-၁၅ ကာလ ပြည်ခိုင်ဖြိုးပါတီဦးဆောင်တဲ့ အစိုးရကို အကြပ်အတည်းဖြစ်စေတဲ့ ပြဿနာကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်လာပြီး နိုင်ငံတကာဖိအားပေးမှုတွေကို စတင်ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီပြဿနာကို အသေးအဖွဲလို့ မှတ်ယူလို့မရပါဘူး။ ဒီပြဿနာပေါ်ပေါက်လာပြီး နောက်ပိုင်း ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့ တိုင်းပြု ပြည်ပြုလုပ်ငန်းတွေမှာ အားနည်းလာပြီး ဒီပြဿနာကိုပဲ အာရုံစိုက် ဖြေရှင်းနေရသည်အထိ လူမျိုးလိမ်ပြဿနာဖန်တီးသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက အင်အားကြီးမားလွန်းပါတယ်။

ထိုစဉ်အခါက ပြည်ခိုင်ဖြိုးပါတီထဲမှာ ဘင်္ဂါလီရွှေမောင်းတို့အုပ်စုကို လွှတ်တော်ထဲ ထည့်ခဲ့တာဟာလည်း ဝေဖန်ထောက်ပြစရာ ဖြစ်စေသလို ဦးခင်ရွှေတို့လို မြေသိမ်း၊ ယာသိမ်း ခရိုနီအကြီးစားတွေ ပါဝင်နေခြင်းကလည်း ပါတီပုံရိပ်ကို ထိခိုက်စေခဲ့တာ အမှန်ပါပဲ။ အခြားသောနိုင်ငံရေးပါတီအဖွဲ့အစည်းတွေက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနဲ့ ပတ်သက်လို့ ဖော်ထုတ်တင်ပြမှုတွေ လုပ်လာတဲ့အချိန်မှာ အာဏာရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်က မြေသိမ်းယာသိမ်းကိစ္စတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အာဏာရှိသူတွေရဲ့ အရှိန်အဝါကို အသုံးချပြီး နိုင့်ထက်စီးနင်း ပြုမူလုပ်ဆောင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းရတဲ့အခြေအနေမျိုးကို ရောက်ရှိခဲ့ပါတယ်။ 

ဘင်္ဂါလီ ရွှေမောင်တို့ အုပ်စုဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ NLD ပါတီ လွှတ်တော်ထဲ ရောက်လာတယ်ဆိုရင်ပဲ ဘက်ပြောင်းတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပြီး လူမျိုးလိမ်အရေးကို NLD ပါတီနဲ့ လက်တွဲလှုပ်ရှားသူတွေ ဖြစ်လာကာ ပြည်ခိုင်ဖြိုးပါတီထဲကနေ ထုတ်ပယ်ရသည်အထိ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီပြဿနာကို ထောက်ရှုကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ရဲ့ အားနည်းချက်အဖြစ် လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်မှာ တိုင်ရင်းသားလူမျိုးသာ ဖြစ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုး မဟုတ်ခြင်းကြောင့် တိုင်းရင်းသားမဟုတ်တဲ့ ရွှေမောင်တို့လို ဘင်္ဂါလီတွေ လွှတ်တော်အမတ်အဖြစ် လွှတ်တော်ထဲ ရောက်လာခဲ့တာကို ဆင်ခြင်တွက်ဆမိမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလေးထားဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာမှာ ပုဒ်မ ၁၂၀(ခ) ကို -တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ လို့ ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက နိုင်ငံတော်ရဲ့ အကြီးအကဲနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်က လုံခြုံပေမယ့် နိုင်ငံတော်အကြီးအကဲဖြစ်လာနိုင်တဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်မှာက အားနည်းချက် ဖြစ်နေတာကိုတော့ မျက်ကွယ်ပြုထားလိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ပုဒ်မ ၁၂၀(ခ)ကိုသာ လုံခြုံအောင် ပြင်ဆင်မယ်ဆိုရင် အမျိုးသားရေးအန္တရာယ်တစ်ခု လျော့ပါးသွားမှာ ဖြစ်ပါတယ်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနဲ့ ပတ်သက်လို့ ဖော်ထုတ်တင်ပြမှုတွေက နိုင်ငံနဲ့အဝှမ်း ဖြစ်လာတဲ့အခါ လွှတ်တော်ကနေ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနစ်နာမှုမရှိစေရေးစုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်ပေးတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း ကော်မရှင်ထဲမှာက ဦးခင်ရွှေကဲ့သို့သော မြေသိမ်းယာသိမ်းကိစ္စမှာ ကိုယ်တိုင်ပါဝင်နေသူကို ထည့်သွင်းထားပြန်ပါတယ်။ အဲဒီလို လူတွေ ဒီကော်မရှင်ထဲမှာ ပါနေသည့်အတွက် ဖြေရှင်းဆောင်ရွက်မှုတွေဟာ ထိရောက်သင့်သလောက် မထိရောက်ဘဲ အစိုးရသက်တမ်းသာ ကုန်သွားတယ်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနဲ့ ပတ်သက်လို့ ပြီးပြတ်အောင် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၁၅ ရွေးကောက်ပွဲပြီးလို့ NLD ပါတီအနိုင်ရရှိသွားချိန်မှာတော့ လူမျိုးရေးပဋိပက္ခဖန်တီးတဲ့ အင်အားစုဟာ အားသာမှုရရှိသွားပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာကတည်းက လူမျိုးလိမ်ဖန်တီးမှုနဲ့ ပတ်သက်လို့ လုပ်စားနေတဲ့ ပြည်ဖျက်မီဒီယာအုပ်စုဟာ သူတို့ရဲ့ လှုပ်ရှားမှု ထိရောက်ဖို့ NLD ကို အသုံးချခဲ့ပါတယ်။ NLD ပါတီ အစိုးရဖွဲ့နိုင်တဲ့အခါကြတော့ အမျိုးသားရေးလှုပ်ရှားမှုကို ပျက်ရယ်ပြုစော်ကားပြီး လူမျိုးလိမ်အရေး လှုပ်ရှားသူတွေကို မျက်နှာသာပေးတဲ့ အခြေအနေမျိုးထိ ဖြစ်ပေါ်လာပါတယ်။ အထင်ကရ သမိုင်းမှတ်တမ်းဝင်ခဲ့တာက တိုင်းရင်းသားပြည်သူများရဲ့အကျိုးကို ရှေးရှုပြီးဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး ကို ဖျက်ဆီးဖို့ သံဃာသင်းခွဲတဲ့ အလုပ်ကို မရှက်၊ မကြောက်လုပ်ခဲ့ခြင်းက NLD ပါတီရဲ့ မဟာအမှားကြီး ဖြစ်ခဲ့ပါတယ်။ သံဃာသင်းခွဲတဲ့ လုပ်ရပ်ကြောင့်ပဲ NLD ပါတီသည် အစိတ်စိတ်အမွှာမွှာပြိုကွဲသည်အထိ အကုသိုလ်ကံက ချက်ချင်းလက်ငင်းအကျိုးပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြေယာပြဿနာတွေဟာ NLD ပါတီ အာဏာရလာချိန်မှာ နိုင်ငံရေးအတွက် လုပ်ကွက်ချလို့ ရတဲ့ အရေးကိစ္စတစ်ခု ဖြစ်လာပါတယ်။ မြေယာကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်ပါတီအဖွဲ့အစည်းကိုမှ ပါဝင်ဆောင်ရွက်ခွင့် မပြုတော့ဘဲ ချုပ်ကိုင်ပြီး ဖြေရှင်းတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးအရ အနိုင်ကျင့်တဲ့ လုပ်ရပ်ကို စတင်လုပ်ဆောင်လာခဲ့ပါတယ်။ ပြဿနာတွေကို ပြီးပြတ်အောင် ဖြေရှင်ပေးခြင်းမျိုးမဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲကာလ ရောက်သည်အထိ အချိန်စွဲလာပြီး သူတို့ကို မဲပေးမှ ဒီကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုသည်အထိ မဲရဖို့ အကြပ်ကိုင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာလက်မဲ့ဖြစ်သွားသည့်တိုင်အောင် အနိုင်ရလွှတ်တော်အမတ်များဖြစ်တဲ့ ဦးသောင်းအေး၊ ဒေါက်တာမောင်သင်း၊ ဦးမောင်မြင့် တို့လို ပုဂ္ဂိုလ်တွေက NLD အစိုးရလက်ထက်မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြ ပြောဆိုမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အာဏာရှင်တပိုင်းဖြစ်လာတဲ့ NLD ပါတီဟာ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုတဲ့ ပုံစံမျိုး ထင်ရာစိုင်းအစိုးရ ဖြစ်လာခဲ့ပါတယ်။ အမျိုးသားရေးဦးဆောင်သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များကို အဓိကပစ်မှတ်ထားပြီး ဖိနှိပ်ခဲ့သလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကိုလည်း ခေါင်းမဖော်နိုင်အောင် အာဏာပြခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တဲ့ ပထမအကြိမ်လွှတ်တော်၊ NLD ပါတီဦးဆောင်တဲ့ ဒုတိယအကြိမ်လွှတ်တော်၊ လွှတ်တော် ၂ရပ်စလုံးမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကို လွှမ်းမိုးထားနိုင်တဲ့အချိန်မှာလည်း တိုင်းရင်းသားပါတီတွေက ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေကို လိုက်လျောပေးခဲ့ခြင်း မရှိပါဘူး။ NLD ပါတီ က လွှတ်တော်ကို စိုးမိုးထားတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားက ပြောင်းလဲလာပြီး တိုင်းရင်းသားပါတီမျာနဲ့အတူ ရပ်တည်ကာ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်များကို တိုက်တွန်းပြောဆိုခဲ့သော်လည်း NLD ပါတီက ကိုယ်စားလှယ်တွေက လက်မံဘဲ ငြင်းဆန်ကြပြန်ပါတယ်။ တိုင်းရင်းသားပါတီများက ကိုယ်စားလှယ်များရဲ့ ပေါက်ကွဲသံတွေလည်း ပြင်းထံလာခဲ့ပါတယ်။ NLD ပါတီအနေနဲ့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတဲ့ ပုံစံမျိုး သူတို့လိုလားချက်တွေကိုသာ အဓိက ပြင်ဆင်ဖို့ တစ်ဖက်သတ် ဖိနှိပ်လုပ်ဆောင်လာခြင်းကြောင့် ပြဿနာတွေ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။

သဘောကတော့ အင်အားကြီး ပါတီ ၂ခုစလုံးဟာ ၅နှစ်တာ အာဏာအပ်နှင်းတာကို ထာဝရအာဏာလို့ ထင်မှတ်ခဲ့ကြပုံပေါ်ပြီး အင်အားသုံး အနိုင်ယူတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရတဲ့အချိန်မှာ အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်သင့်သည်ကို အလေးမထားဘဲ မိမိတို့ရဲ့ နိုင်ငံရေးအတ္တကို ရှေ့တန်းတင် လုပ်ဆောင်ခဲ့ခြင်းဟာ မှားယွင်းသော လုပ်ရပ်များ ဖြစ်စေခဲ့ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ဖြင့် ဦးသိန်းစိန် ဟာ နိုင်ငံရေးအတ္တနည်းသူလို့ ဆိုနိုင်ပါတယ်။ ၂၀၁၀-၁၅ ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လိုလားချက်များကို လိုက်လျော ဖြေလျှော့ပေးခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ အရွေ့ဟာ ယနေ့အချိန်မှာ ပုံစံကောင်းတစ်ခုကို ရရှိနေပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ NLD ပါတီ အနိုင်ရသွားခြင်းက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ရှေးရှုခြင်းမျိုး မဟုတ်ဘဲ သူတို့ရဲ့ နိုင်ငံရေးအတ္တတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း အစိုးရသက်တမ်းတစ်ခု ကုန်ဆုံးသွားခဲ့ရတာပဲ အဖတ်တင်ခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အာဏာရမ္မက်ထပြီး အစိုးရအာဏာရဖို့အတွက် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်ခဲ့တဲ့ ဆိုးကျိုးရလာဒ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ယခု ပြည်ခိုင်ဖြိုးပါတီ က ကိုယ်စားလှယ်အများစုအနိုင်ရထားပြီဖြစ်လို့ ၂၀၂၆-၃၀ ကာလဟာ ပြည်ခိုင်ဖြိုးအစိုးရ ဦးဆောင်မယ့် ကာလအပိုင်းအခြားတစ်ခုကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များအနေနဲ့ မဲဆန္ဒရှင်ပြည်သူများကို စည်းရုံးပြောဆိုရာမှာ အစိုးရအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ဖူးတယ်။ အတိုက်အခံ အနေနဲ့လည်း ရပ်တည်ခဲ့ဖူးတယ်။ ဒီအခြေအနေနှစ်ရပ်ကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ဆောင်ရွက်သွားမယ်ဆိုတဲ့ စကားသံတွေ ကြားခဲ့ရပါတယ်။ အဓိက အားဖြင့် ပြည်သူလူထုနဲ့ ကင်းကွာလို့ မရဘူး။ ပြည်သူ့အသံကို မျက်ကွယ်ပြုထားလို့ မရဘူး။ ပြည်သူ့အကျိုးကို မျက်နှာလွှဲပြီး ကိုယ့်အတ္တတွေကိုပဲ ပုံဖော်မယ်ဆိုရင် နိုင်ငံရေးစင်မြင့်ပေါ်မှာ ကြာကြာရပ်တည်ဖို့ မလွယ်ဘူးဆိုတာကိုတော့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများအနေနဲ့ ပြည်လည်သုံးသပ် လက်ခံထားပြီး ဖြစ်လိမ့်မယ်လို့ မြင်မိပါတယ်။

၂၀၂၆-၂၀၃၀ ကာလ ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လောက်အထိ စွမ်းနိုင်မလဲ။ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တိုင်းရင်းသားပါတီအဖွဲ့အစည်းများနဲ့ ဘယ်လောက်အထိ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ကြပေအုံးတော့။  ။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment