မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ







နေပြည်တော်၊ မတ် ၆

 မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ ကို ဂုဏ်ပြုသော အထိမ်းအမှတ် ဓါတ်ပုံပြပွဲနှင့် ညစာစားပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီး အကဲများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများသည် မဲခေါင်-လန်ချန်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဓါတ်ပုံပြပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ နှင့် ဧည့်သည်တော်များသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများဆိုင်ရာ မှတ်တမ်းဓါတ်ပုံပြပွဲ ပြသထားမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု သည် ၂၀၂၆ ခုနှစ်တွင် ဆယ်စုနှစ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိပြီဖြစ်သည့်အတွက် ယခုနှစ်သည် မိမိတို့ဒေသအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ အခြေခံမူများနှင့် ငြိမ်းချမ်း၍ သာယာဝပြောပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အပြန်အလှန်မျှဝေသည့် အနာဂတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးမျှော်မှန်းချက်ကို ထပ်လောင်းအတည်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးနှင့်(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့ကို အိမ်ရှင်အဖြစ်လည်းကောင်း၊ (၆)ကြိမ်မြောက်နှင့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့ကို ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍လည်းကောင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အပြင် နေပြည်တော် ကြေညာချက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) တို့ကို အတည်ပြုနိုင်ခဲ့ပြီး မဲခေါင်-လန်ချန်း ဆန်းသစ်တီထွင်မှုစင်္ကြံ (MLC innovation Corridor) ဆိုင်ရာ အစည်းအဝေးယန္တရား တည်ထောင်ရန်အတွက်လည်း အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စီမံကိန်းစုစုပေါင်း(၁၃၂)ခုနှင့် တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈.၆) သန်းခန့် ရရှိခဲ့ပြီး စီမံကိန်းပေါင်း (၁၀၀)ကျော်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်မှုမှတစ်ဆင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေးအပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုတွင် တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများအတွက် အကူအညီများ ဆက်လက်ပေးအပ်နေသည့် တရုတ်နိုင်ငံကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှု ရလဒ်များနှင့် တိုးတက်မှုများရရှိလျက်ရှိသော်လည်း လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုများ၊ စီးပွားရေးမတည်ငြိမ်မှုများ၊ ရာသီဥတုပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေကြရာ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန်နှင့် ဒေသတွင်း စဉ်ဆက်မပြတ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သည်။

 ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့က မြန်မာ့ရိုးရာ စောင်းနှင့်ပတ္တလား တူရိယာများ ကို တီးခတ်၍ သာယာငြိမ့်ညောင်းတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စမာကျား တို့က မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ အနုပညာအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

 မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ (၆) နိုင်ငံတို့ဖြင့် ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)