တောင်ကြီး၊ မတ် ၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက အင်းတိန်ရေလွှဲဆည် Outfall ပိုင်းကြမ်းခင်းနှင့်မြေထိန်းနံရံပျက်စီးခြင်းအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ အင်းတိန်ရေလွှဲဆည် ယာဘက်ရေလျှံထိန်းတာပေါင် ကျိုးပေါက်ပျက်စီးခြင်းအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ အင်းတိန်ရေလွှဲဆည် အထက်ပိုင်းရေတိုက်စားမှုကြောင့် မြေထိန်းနံရံပျက်စီးခြင်းအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၌ စက်မှုလယ်ယာစနစ်ကျမြေ (၁၃၉) ဧက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ညစက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် တောင်သူလယ်သမားများ၏ မူလပိုင်ဆိုင်သည့် မြေနေရာအနီးတွင်သာ လယ်ယာမြေများ စနစ်တကျ ပြန်လည်ချထားပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်အတွင်းရှိ တာယောချောင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား သာယောချောင်းအား ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားပြီး၊ ညောင်ရွှေမြို့နယ်အတွင်းရှိ သာစည်ကန်နှင့် နဒီကန်သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု၊ ရွှေရန်ပြေကျေးရွာရှိ တောင်သူဒေါ်လှမြိုင် စိုက်ပျိုးထားသည့် မျိုးစပါး (ရွှေအပ်) (၅.၅၃) ဧကစိုက်ပျိုးထားမှုကို ကြည့်ရှုအားပေး၍ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထက်ဝေ
#MNP #News


No comments:
Post a Comment