တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလုံကျော်နှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန်တို့အား ရွေးချယ်တင်မြောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလုံကျော်နှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန်တို့အား ရွေးချယ်တင်မြောက်


တောင်ကြီး၊ မတ် ၂၀

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ်မှ ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား သဘာပတိလောင်းအဖြစ်တင်မြှောက်ရန် အမည်စာရင်းတင်သွင်းသူတစ်ဦးသာရှိသည့်အတွက် ဦးလင်းအောင်ဆွေ၊ နမ့်စန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထို့နောက် သဘာပတိ ဦးလင်းအောင်ဆွေက ပြည်နယ်လွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိအဖြစ်ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် သဘာပတိက တတိယအကြိမ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃၂)ဦးရှိသည့်အနက် ကိုယ်စားလှယ်အားလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ဦးစိုင်းလုံကျော်၊ ဖယ်ခုံမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းသည့်အတွက်၂၀၁၃ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၇)အရ ဦးစိုင်းလုံကျော်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း  သဘာပတိက ကြေညာခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ ဦးစိုင်းထွန်းစိန်၊ မိုင်းပျဥ်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)နှင့် ဦးစဝ်သာဦး၊ မိုင်းပန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) နှစ်ဦးအမည် စာရင်းတင်သွင်းရာ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၈)အရ ဆန္ဒမဲလက်မှတ်အသုံးပြု၍ ကိုယ်စားလှယ်များမှ လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ရာ ဦးစိုင်းထွန်းစိန်က ဆန္ဒမဲ(၁၀၂)မဲရရှိသည့်အတွက် ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၆ နှင့်နည်းဥပဒေ ၂၇ တို့အရ ဦးစိုင်းထွန်းစိန်အား ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးစိုင်းလုံကျော်နှင့် ဦးစိုင်းထွန်းစိန်တို့က သဘာပတိ၏ရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။ ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ်၊ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၉ အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်ကို တာဝန်လွှဲအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး တတိယအကြိမ် ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)