ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ



ကော့သောင်း   ၊ မတ် ၇

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံး RC (၃)ထပ် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ကျင်းပရာ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တနင်္သာရီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ကော့သောင်းခရိုင် ဥပဒေရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများက ငွေတိုးစံကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သည့် ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံး  အလျား ၆၅ ပေ x အနံ ၃၀ ပေ၊ RC (၃)ထပ် ရုံးအဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာ ဥပဒေအရာရှိများသည် ဥပဒေအရာရှိကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်တို့နှင့်အညီ ရာထူးအဆင့်နှင့်လျော်ညီစွာ ပြုမူကျင့်ကြံနေထိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့ဥပဒေအရာရှိများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဥပဒေပညာဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


   https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)