၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း













ရဲဘော်တို့

ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းနဲ့အတူ ယှဉ်တွဲပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့ (၈၁)နှစ်မြောက် တပ်မတော်နေ့ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် နယ်ချဲ့ စနစ်ကို တိုက်ထုတ်ပြီးခဲ့တဲ့နောက် ဒို့နိုင်ငံရဲ့ ပြည်သူတွေအပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နဲ့ပြည်သူ ပူးပေါင်းပြီး အောင်မြင်စွာ စတင်တွန်းလှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဒီလိုထူးခြားလေးနက်တဲ့ တပ်မတော်နေ့မှာ ရဲဘော်တို့ကို သိသင့် သိထိုက်တာတွေ လေးလေးနက်နက် မှာကြားသွားမှာဖြစ်တယ်။


ရဲဘော်တို့

ဒို့နိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်မှာ ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါပေမယ့် ၁၉ ရာစုအတွင်းမှာ အင်္ဂလိပ်တို့ရဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ မတရားကျူးကျော် သိမ်းပိုက်မှု ကိုခံခဲ့ရပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့အတွက် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်တွေထံမှာ စစ်ပညာ သင်ကြားခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ကို ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တိုက်ထုတ်ခဲ့ကြတယ်။

အင်္ဂလိပ်တို့ ဆုတ်ခွာထွက်ပြေးသွားချိန်မှာ ဂျပန်တို့က လွတ်လပ်ရေးပေးမယ်ဆိုတဲ့ ကတိကို ပျက်ကွက်ခဲ့တဲ့အပြင် တပ်မတော်ကိုလည်း အင်အားလျှော့ချခဲ့တယ်။ နောက်ပိုင်းမှာ အတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့ပြီး ပြည်သူတွေ အပေါ်မှာ မမျှော်လင့်ဘဲ ဆိုးရွားစွာနှိပ်စက်မှုတွေ ပြုလုပ်လာ ခဲ့တာကြောင့် ဒို့တပ်မတော်အနေနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့ကြ တယ်။ အဲဒီအချိန်ကစပြီး တပ်မတော်ဟာ မြန်မာနိုင်ငံကို တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ အပြီးတိုင်လွတ်လပ်ရေး ရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်။

လွတ်လပ်ရေးဆိုတာ အချုပ်အခြာအာဏာပိုင်ခြင်းဖြစ်ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေး နဲ့ အုပ်ချုပ်ရေးဆိုတဲ့ အာဏာကြီး ၃ ရပ်ကို နိုင်ငံသားတိုင်းက ကိုယ့်တိုင်းပြည် အခြေအနေနဲ့ ကိုက်ညီအောင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြဋ္ဌာန်းပြီး စီမံဆောင်ရွက်ပိုင်ခွင့် ရှိမှုပဲဖြစ်တယ်။ ဒါကြောင့် အသက်၊ သွေး၊ ချွေး ဆုံးရှုံးမှုပေါင်းများစွာနဲ့ရယူခဲ့တဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာက ဒို့တပ်မတော်သားတွေ အပါအဝင် နိုင်ငံသားအားလုံးရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ဖြစ် ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

ဒို့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစ အချိန်ကတည်းက စပြီး နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ သွေးခွဲ အုပ်ချုပ်မှုတွေကြောင့် သမိုင်းတစ်လျှောက် စုစုစည်းစည်းနေထိုင်ခဲ့ကြတဲ့ တိုင်းရင်း သားတွေရဲ့ အထင်အမြင် လွဲမှားမှု၊ နိုင်ငံရေးအယူအဆကွဲပြားမှုနဲ့ တိုင်းရင်းသားအရေးတို့ကို အခြေခံတဲ့ ပြည်တွင်းသောင်းကျန်းမှုတွေ ပေါ်ပေါက်လာပြီး ပူပူနွေးနွေးရရှိထားတဲ့ လွတ်လပ် ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်မဆုံးရှုံးရစေဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တပ်မတော်ဟာ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ကာကွယ်ပေးခဲ့တယ်။ အဲဒီလို ပြည်တွင်းရောင်စုံသောင်းကျန်းသူတွေကို နှိမ်နင်း နေစဉ်မှာပဲ တစ်ပြိုင်တည်းပေါ်ပေါက်လာတဲ့တရုတ်ဖြူကူမင်တန်တွေနဲ့ မူဂျာဟစ် ကုလားဆိုး တွေရဲ့ ပြည်ပကျူးကျော်မှု အန္တရာယ်တွေကိုလည်း ဒို့တပ်မတော်က စွန့်လွှတ် စွန့်စား တဲ့စိတ်နဲ့ ကာကွယ်နှိမ်နင်း ခဲ့ကြရတယ်။

ဒါ့အပြင် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့ အရေးကိစ္စတွေနဲ့ ကြုံတွေ့ ခဲ့ရချိန်တိုင်းမှာ တပ်မတော်အနေနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်၊ မှန်ကန်တဲ့ အမျိုးသားရေး ခံယူချက်တို့နဲ့အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး(၃)ပါးကို ထိပါးလာမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတိုင်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကာကွယ် ပေးခဲ့သလိုနောင်အနာဂတ်ကာလမှာလည်း ဆက်လက်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ 


ရဲဘော်တို့

ဒို့နိုင်ငံဟာ လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက ဘုရင့်နိုင်ငံ အဖြစ် ရပ်တည်လာခဲ့ကြပေ မယ့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှာတော့ ပါလီမန်ဒီမိုကရေစီစနစ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ကိုတည်ဆောက်ခဲ့ကြတယ်။ ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကိုခိုင်မာတဲ့ ပြည်ထောင်စု နိုင်ငံကြီးအဖြစ် တည်ဆောက်နေခဲ့တဲ့အချိန်မှာလည်း အချို့သော အားနည်းချက်၊ ပြည်တွင်း ပြည်ပက သွေးထိုးလှုံ့ဆောင်မှု များကြောင့် ဆူပူမှုအရေးအခင်းများနဲ့ ကြုံတွေ့လာရပြီး ၁၉၈၈ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်တာဝန် အရပ်ရပ်ကို ရယူခဲ့ရတယ်။ အဲဒီအချိန် ကစပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ တပ်မတော်ဟာ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအုတ်မြစ် တွေကို ချမှတ်ဖော်ဆောင်ပေးခဲ့သလို ပြည်သူ များလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဈေးကွက်စီးပွားရေးတို့ကို ဖော်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။


ရဲဘော်တို့

ဒို့တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နဲ့အညီ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီး ပြည်သူများ လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး ဦးစီး ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရရဲ့ ဆိုးရွားစွာပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ဘယ်လိုမှ တရားဝင်ရပ်တည် နိုင်မှုမရှိတဲ့အတွက် ဒို့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။ ဒီလိုထိန်းသိမ်းခဲ့ ရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူအများလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်တယ်။ လက်ရှိအချိန်မှာ ဒို့တပ်မတော် အနေနဲ့ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်လို့ ဒို့တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေး အတွက် ရွေးကောက်ပွဲကတစ်ဆင့် အသစ်ပေါ်ထွန်းလာမယ့် အစိုးရသစ်ကို အထောက် အကူပြု ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဲဒီနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်သင့်ဖြစ်ထိုက် တာတွေကို ဦးတည်ရေးဆွဲပြီး ပြဋ္ဌာန်းရတဲ့ ပင်မဥပဒေတစ်ရပ် ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းနောက်ခံအနေအထား၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားအခြေခံအချက်အလက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်း ရတာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားတာ၊ “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့” တပ်မတော်ကို တာဝန်ပေးထားတာတွေဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး ဒို့နိုင်ငံရဲ့ ပကတိအရှိတရားအရ မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်တယ်။

ဒါ့အပြင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” ဆိုတဲ့အချက်ကို ထည့်သွင်းပြဋ္ဌာန်း ထားခြင်းဟာလည်း အဆိုးမြင်ဝါဒီများ လှုံ့ဆော်နေသလို တပ်မတော်ဟာ နိုင်ငံရေးကို ဦးဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ဒို့နိုင်ငံရဲ့ လိုအပ်ချက်အရ တပ်မတော်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ဖို့ ပြဋ္ဌာန်းထားခြင်းဖြစ်တယ်ဆိုတာကို ရဲဘော်တို့ အနေနဲ့ သိရှိနားလည်ထား ကြရမှာဖြစ်တယ်။ အမျိုးသားနိုင်ငံရေးဆိုတာ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အဓိကမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါးအပေါ်မှာ အခြေခံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို အစဉ်ရှေးရှုဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ထာဝရတည်မြဲတဲ့နိုင်ငံရေးပဲဖြစ်တယ်။ လွတ်လပ်ရေး နဲ့အတူ ပေါက်ဖွားလာတဲ့ ဒို့တပ်မတော်ရဲ့ ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှုဟာ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်ရန် ပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

ဒို့တပ်မတော်ကို အင်အားတောင့်တင်းပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီ တပ်မတော် ဖြစ်စေရေးအတွက် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်လျက်ရှိတယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ တိုက်စွမ်းရည်ပြည့်ဝစေဖို့အတွက် လေ့ကျင့်ရေးဟာ အဓိက မဏ္ဍိုင်တစ်ခုဖြစ်တယ်။ ဒါကြောင့် စစ်သည် တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိရမယ့် အရည်အချင်းများနဲ့ တပ်ဖွဲ့တစ်ခုချင်းစီအလိုက် ရှိရမယ့်အရည်အချင်း များ တိုးတက်လာအောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားကြရမှာဖြစ်တယ်။ တိုက်စွမ်းအား ပြည့်ဝစေဖို့ဆိုရင် ခေတ်မီ စစ်လက်နက်ပစ္စည်းများကို တပ်ဆင်ပေးသွားရမှာဖြစ်ပြီး ဒီလိုတပ်ဆင် ပေးနိုင်ဖို့အတွက် ပြည်တွင်းမှာပဲ သုတေသနပြု တီထွင်ထုတ်လုပ် လျက်ရှိသလို လိုအပ်တဲ့ဝယ်ယူဖြည့်တင်းမှုတွေလည်း ပြုလုပ် လျက်ရှိတယ်။


ရဲဘော်တို့

ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် အားထားဖွယ်ရာ အဖွဲ့အစည်းအဖြစ် ရပ်တည်နေ နိုင်ခြင်းဟာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ဖြစ်တယ်။ ဒို့တပ်မတော် စတင်သန္ဓေတည်ခဲ့တဲ့ BIA လက်ထက် မျိုးချစ်စိတ်ဓာတ်ပြင်းထန်မှု၊ BDA လက်ထက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံ တတ်မှုတွေကို စနစ်တကျ ပေါင်းစပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဖက်ဆစ်တ ော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာပဲဖြစ်တယ်။ ဒါဟာ ဒို့တပ်မတော်ရဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အတိတ်သမိုင်းသာဓကတွေပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော် သားအားလုံးအနေနဲ့ အတိတ်သမိုင်းကြောင်းများကို နှံ့စပ်စွာ သိမြင် နားလည်ကာ မျိုးချစ် စိတ်ဓာတ်ကိုအရင်းခံပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်တဲ့၊ အမိန့် နာခံတတ်မှုနဲ့ပြည့်စုံတဲ့ တပ်မတော်တစ်ရပ်ဖြစ်စေရေး ကိုယ်စီကြိုးစားကျင့်ကြံသွားကြဖို့ တိုက်တွန်းပြောကြား လိုတယ်။


ရဲဘော်တို့

ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစု တွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့အတွက် အတိတ် ကာလမှာ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့ကြသလို လက်ရှိ ပစ္စုပ္ပန်ကာလမှာလည်း ဆောင်ရွက်နေကြဆဲဖြစ်တယ်။ အဲဒီလို လုပ်ဆောင်မှုတွေ ရှိနေပေမယ့်လည်း “ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲ စည်းလုံးမည်” ဆိုတဲ့ တပ်မတော်ရဲ့  ဆောင်ပုဒ်နဲ့အညီတပ်တွင်းစည်းလုံးညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက် သွားကြရမှာဖြစ်တယ်။

အခြေခံကျတဲ့တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင် တည်ဆောက်ကြရမှာ ဖြစ်သလို တစ်ဖက်ကလည်း လက်တွေ့ဆန်တဲ့ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကိုလည်း အလေးထားလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်သား တွေ အနေနဲ့ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” လို့ သဘောထားပြီး ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်။


ရဲဘော်တို့

ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား လူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ် လိုတဲ့ အကြမ်းဖက်သမားများဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ အဓိက ဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနဲ့ Online လောင်းကစား မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက် ရှိနေကြတယ်။ ဒီကိစ္စတွေဟာ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို အန္တရာယ်ပေးနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးစစ်ဆင် ရေးများနဲ့ တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိကြောင်း အသိပေးပြောကြားလိုတယ်။


ရဲဘော်တို့

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို အသေးစိတ်လေ့လာ ကြည့်ရင် အခြေခံအကျဆုံး အချက်ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားဘဝနဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု ဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်တယ်။ ပြည်သူ့လုံခြုံရေးစနစ် ရာနှုန်းပြည့်လွှမ်းခြုံ နိုင်ဖို့ဆိုရင် ပြည်သူတစ်ဦးချင်းစီတိုင်းမှာ လုံခြုံရေးအသိ၊ လုံခြုံရေး သတိတွေရှိနေဖို့လည်း လိုအပ်တယ်။

ဒို့နိုင်ငံအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ် များကို တားဆီးနှိမ်နင်းနိုင်ဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စနစ်တကျ လေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ် နဲ့ တိုင်းပြည်ကာကွယ်ရေး အတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကျင့်သုံးနေတဲ့ နိုင်ငံများရှိနေတာကိုလည်း ပြည်သူများအနေနဲ့  တွေ့မြင်နိုင်တယ်။ 

ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝရရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေး လုပ်ငန်းစဉ် တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုတယ်။


ရဲဘော်တို့

ဒို့တာဝန်အရေး(၃)ပါးထဲက တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ အချက်ဟာ ဒို့နိုင်ငံရဲ့ ပကတိလိုအပ်ချက် ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးကို ညွှန်းဆိုခြင်းပဲဖြစ် တယ်။ ထာဝရ ငြိမ်းချမ်းရေးက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေဟာ တပ်မတော် တစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်အတွက်မဟုတ်ဘဲ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အတွက်ဆိုတာကို လေးလေးနက်နက် သိမြင်ကြဖို့လိုအပ်တယ်။ ဒါကြောင့် ခေတ်အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လည်းကြိုးစားဆောင်ရွက် ခဲ့တာ တွေ့ရမှာဖြစ်တယ်။

တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင် ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ် အပစ်အခတ် ရပ်စဲမှုတွေကို လိုက်လျော ဆောင်ရွက်ပေးခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွား မယ်” ဆိုတဲ့ ငြိမ်းချမ်းရေး မိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများ လက်ထက် ငြိမ်းချမ်း ရေးညီလာခံရလဒ်များမှ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက်(Union Accord) များကို ပြည်ထောင်စု လွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

ဒို့နိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။ ဖက်ဒရယ် စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခု အပေါ် ရည်ညွှန်းဆောင်ရွက်ရတာ ဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံ တွေအရ မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ် စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်။

ယခုဆိုရင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးက တစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ် တွေ ထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီးရဲ့အစည်းအဝေးများ စတင်ကျင်းပနေပြီ ဖြစ်တယ်။ ပြည်သူတစ်ဦးချင်းစီက စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြတဲ့ မဲတစ်မဲစီဟာ ပြည်သူ တစ်ဦးချင်းစီရဲ့ ဦးနှောက်နဲ့ နှလုံးသားများ ဖြစ်လို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ် တွေဟာလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိနဲ့ အလေးအနက်ထား ကြိုးပမ်းထမ်းရွက်ကြဖို့ လိုအပ်မှာပဲဖြစ်တယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေး သွားမှာ ဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲ အသင့်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့မှာကြားလိုတာကတော့ ဒို့တပ်မတော်ဟာ ခေတ်အဆက်ဆက် နိုင်ငံတော်နဲ့ပြည်သူလူထုအကျိုးကို ဦးထိပ်ထား တာဝန်ထမ်းဆောင်ခဲ့တယ်။ လက်ရှိကာလ မှာလည်း “ ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ဆိုတဲ့ခံယူချက်နဲ့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ကာကွယ်လျက်ရှိနေတယ်။ နောင်မှာလည်း ပြည်သူကအားကိုးရတဲ့၊ နိုင်ငံတော်က အားထားရတဲ့ ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ် လိုက်တယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)