တောင်ငူ ၊ မတ် ၁
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဘုရင့်နောင်စျေး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးမီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို စျေးရောင်းစျေးဝယ် ပြည်သူများအား အသိပညာပေးပြောကြားပြီး မီးသတ်ဆေးဘူးအသုံးပြုပုံကို ရှင်းလင်းပြသသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များက မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို စျေးသူစျေးသားများနှင့်အတူ လက်တွေ့မီးသတ် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ကြသည်။
အဆိုပါ လက်တွေ့မီးသတ် သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စျေးအကျိုးတော်ဆောင် ကော်မတီဝင်များနှင့် စျေးသူစျေးသားများ၊ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)
No comments:
Post a Comment