၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထား - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထား


နေပြည်တော်၊ မတ် ၇

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယမန်နေ့က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး (၁/၂၀၂၆) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားသည့် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄) ရပ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက် လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ် ပေးခဲ့ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပ သွင်းကုန်အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ အခြားကဏ္ဍများတွင် မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များနှင့် သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန်၊ အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးစရိတ်များကို လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေးခဲ့သကဲ့သို့ ယခုတွင်လည်း လိုအပ်ချက်များကို စိစစ်လျာထားပေးသွားမည်ဖြစ်ကြောင်း။

ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ခွဲဝေချထား ပေးသည့်ရန်ပုံငွေများကို နိုင်ငံတော်အတွက် အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်လိုကြောင်း၊ ထို့ကြောင့်လည်း လျာထားလုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများကို လေလွင့် ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အမှန်တကယ်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့်ပမာဏကိုသာ သေချာစွာစိစစ်တွက်ချက်ပြီး လျာထားကြရန် အရေးကြီးကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရန်လို ကြောင်းဖြင့်ပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သီးခြားဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက် ကြပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)