ရန်ကုန် ၊ ဧပြီ ၅
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းအားကစားကွင်းသို့ရောက်ရှိ၍ ဘောလုံးကွင်းနှင့်ပွဲကြည့်စင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်စင်တာဝန်ယူဆောက်လုပ်မည့် ရှမ်းယူနိုက်တက်ကုမ္ပဏီမှ တာဝန်ရှိသူများအား အဆောက်အဦကြံ့ခိုင်မှုရှိပြီး ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ မူလပုံစံမပြောင်းလဲစေဘဲပိုမိုကောင်းမွန်အောင်ဆောက်လုပ်ပေးနိုင်စေရေး၊ အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်တည်ဆောက်ပေးနိုင်စေရေး၊ ဆောက်လုပ်မည့်လုပ်ငန်းပရောဂျက်များနှင့် သတ်မှတ်ရက်အလိုက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြပေးသွားရန်လိုကြောင်း၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် အမြဲတမ်းသန့်ရှင်းသာယာလှပစေရေးအတွက် တာဝန်ရှိသူများကစိစစ်ကြပ်မတ်၍ စနစ်တကျတာဝန်ပေးထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများအား အသေးစိတ်မှာကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့သွားရောက်ခဲ့ရာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရေကူးကန်၊ ပွဲကြည့်စင်၊ ရေစင်တည်ဆောက်ထားရှိမှု၊ ကလေးရေကူးကန်နှင့် အမျိုးသားရေကူးကန်၏ ရေသန့်စင်သည့်အခန်းအတွင်းရှိ စက်ခန်းနံရံများ၊ ရေသန့်စင်စနစ် Filter ထားရှိမှုများ၊ Filter ပိုက်လိုင်းများ ရေဝင်ရေထွက်ကောင်းမွန်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကူးကန်အားရေရှည်တည်တံ့စေရေး၊ ရေကြည်ရေသန့်စင်မှုရှိစေရေးနှင့် ရေကူးကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက်အထူးဂရုစိုက်၍ ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကူးအားကစားနည်း တိုးတက်အောင်မြင်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ဝိုင်းဝန်း၍ အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရန်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment