ပခုက္ကူ၊ ဧပြီ ၁၁
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ နှင့်အညီ ယဉ်ကျေးသိမ်မွေ့သောသင်္ကြန်၊ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပကာ နှစ်သစ်အတာကူးကြမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင်ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်ရေး ဌာနဆိုင်ရာများ၊ ကျောင်းများနှင့်ရပ်ကွက်များအလိုက် ယိမ်းအဖွဲ့များအားလုံး စုပေါင်းအကတိုက်လေ့ကျင့်ကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း လွတ်လပ် ပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ဗဟိုသင်္ကြန်မဏ္ဍပ်ကြီး၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ နှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်များဖြင့် သိုက်မြိုက်စွာကျင်းပနိုင်ရေး ခရိုင်/မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၏ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးနှင့်လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ရိုးရာ သင်္ကြန်တေးသီချင်းအကအလှများဖြင့် ညီညာစွာဖျော်ဖြေတင်ဆက်နိုင်ရေး ဌာနဆိုင်ရာများ၊ ကျောင်းများနှင့် ရပ်ကွက်များ အလိုက် ယိမ်းအဖွဲ့များမှ လှပျိုဖြူများကလည်း ကြိုတင်လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း၊ ဧပြီလ ၁၁ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သာယာခန်းမ၌ ယိမ်းအဖွဲ့များအားလုံးစုပေါင်း၍ သင်္ကြန်တေးသီချင်းများဖြင့် အကတိုက်လေ့ကျင့်ကြ ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News



No comments:
Post a Comment