PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူများက အဆိုပါဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာတို့အား မီးရှို့ဖျက်ဆီးပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူများက အဆိုပါဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာတို့အား မီးရှို့ဖျက်ဆီးပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး



 

တပ်မတော်စစ်ကြောင်းများက PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာတို့အား ပြန်လည်သိမ်းပိုက်ရရှိ၊ 

PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူများက အဆိုပါဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာတို့အား မီးရှို့ဖျက်ဆီးပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ 


နေပြည်တော်၊ ဧပြီလ ၆

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းတည်ပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လမ်းတံတားများ တည်ဆောက်ပေးခြင်း၊ ဆည်မြောင်းတာ တမံများ တူးဖော်ပေးခြင်း၊ မီးမရရှိသည့် ဒေသများတွင် လျှပ်စစ်မီးများရရှိအောင် ဆောင်ရွက်ပေးခြင်းများကို ဘက်ပေါင်းစုံမှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ရှေးရှု၍ အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့် စေရန်အတွက် ဌာနဆိုင်ရာအဆောက်အအုံများ၊ လမ်းတံတားများ၊ ဆည်မြောင်း တာတမံများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထု၏ နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက် ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ရေလှောင်တမံ နှင့် ပတ်ဝန်းကျင်ကျေးရွာများအားယာယီစိုးမိုးထားပြီး အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် သဖန်းဆိပ်ရေလှောင်တမံ နှင့် ပတ်ဝန်းကျင်ကျေးရွာများအား ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ပြန်လည်ရရှိရေး အတွက် လိုအပ်သည့်စုဖွဲ့မှုများအား စနစ်တကျဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ကာ တိုက်ပွဲဝင် အရာရှိစစ်သည်များ၏ စိတ်ဓာတ်တက်ကြွ၍ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ မဆုတ်မနစ် သောဇွဲ၊ လုံ့လ၊ ဝိရိယရှိမှုတို့ဖြင့် အဆိုပါဆည်ကြီးရှိ အဆောက်အအုံများနှင့် စက်ပစ္စည်း ကိရိယာများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကန့်သတ်ချက်များကြားမှ ထိန်းထိန်း သိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ချေမှုန်းခဲ့ရာ သဖန်းဆိပ်ရေလှောင်တမံအား မတ်လ ၂၈ ရက်တွင် လည်းကောင်း၊ အဆိုပါရေလှောင်တမံ၏ အနောက်ဘက် မီတာ ၅ ထောင်ခန့် အကွာတွင် တည်ရှိသောအင်တိုင်းကျေးရွာအား ယနေ့နေ့လယ်ပိုင်းတွင် လည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ သည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေး သွားစဉ်သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် စက်ရုံရှိ လျှပ်စစ်ဓာတ်အားပေး စက်ပစ္စည်းကိရိယာများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထို့ပြင် အင်တိုင်းကျေးရွာအတွင်းရှိအပြစ်မဲ့ဒေသခံပြည်သူများ၏နေအိမ်များကို ဆက်လက်မီးရှို့ဖျက်ဆီးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြရသည်။

အကြမ်းဖက်သောင်းကျန်းသူများက သဖန်းဆိပ်ရေလှောင်တမံနှင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ယာယီစိုးမိုး ထိန်းချုပ်ခဲ့ပြီး အဆိုပါရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားခြင်း၊ ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ သဖန်း ဆိပ်ရေလှောင်တမံသည် စိုက်ပျိုးမြေဧက ၅ သိန်းကျော်ကို အဓိကရေပေး ဝေနေသော တမံတစ်ခုဖြစ်သည်။ ထို့ပြင် သဖန်းဆိပ်ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ သည်လည်း နိုင်ငံတော်ဓာတ်အားပေးစနစ်တွင် လျှပ်စစ်ပုံမှန်ပို့လွှတ်ပေး နေသော စက်ရုံတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှင့်နိုင်မှုမှာလည်း ပျက်စီးဆုံးရှုံး၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက် နစ်နာခဲ့ရသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသကောင်းစားရေး ဟုသုံးနှုန်း၍ အမှန်တကယ်တွင် ဒေသတွင်းဖွံ့ဖြိုတိုးတက်မှုကိုနှောင့်နှေးစေသည့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပျက်ဆီး သွားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ခြင်း လုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)