
မော်လမြိုင် ၊ ဧပြီ ၂၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်)သို့သွားရောက်၍ ဦးစွာရှင်းလင်းဆောင်တွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်) ဒုတိယပါမောက္ခချုပ်က Polytechnic University(မော်လမြိုင်)အား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီး လုပ်ငန်းများ၊ အကြီးစား ပြင်ဆင်မှု၊ အသစ်ဆောက်လုပ်မည့် အဆောက်အဦများ၊ လမ်းများ၊ ဘောလုံးကွင်းနှင့် Mech. Workshop၊ အဝင်မုခ်ဦး တည်ဆောက်ခြင်းနှင့် Landscaping ပြုလုပ်ခြင်း ဆောင်ရွက်မည့်အခြေအနေများကို Power Piintဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာကို လေ့လာပါက ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မြင့်မားသော Polytechnic University များစွာရှိပါကြောင်း၊ မိမိတို့လည်း ယခုအခါ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မူလအခြေခံ တက္ကသိုလ်များ၏ လက်ရှိအင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာဘွဲ့သင်ရိုးညွှန်းတမ်းများပြောင်းလဲခြင်းမရှိဘဲ ဆက်လက်သင်ကြားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေးကွာခြားမှုမရှိကြောင်း၊ သို့ဖြစ်၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် Polytechnic University များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသော ကိစ္စရပ်များ ဆွေးနွေးတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Polytechnic University(မော်လမြိုင်) တည်ဆောက်မည့်မြေနေရာနှင့် ဘောလုံးကွင်းဆောက်လုပ်မည့်မြေရောတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်၌ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်ပညာရေးဒီဂရီ ကောလိပ်ကို ဆရာအတတ်ပညာ တက္ကသိုလ်အဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေး၊ ဆရာအရည်အသွေး မြှင့်တင်ရေး၊ တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံ (ပညာရေး) ဘွဲ့စာမေးပွဲ များကို ထူးချွန်စွာအောင်မြင်သူများသည် မဟာဝိဇ္ဇာ/ မဟာသိပ္ပံ(ပညာရေး) ဘွဲ့သင်တန်းများသို့ ဆက်လက်တက်ရောက်ကာ အထက်တန်းပြ ဆရာ၊ ဆရာမများ ဖြစ်လာနိုင်သည့် လမ်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ လေ့လာသင်ယူနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) အတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရေးနှင့်ပက်သက်၍ ကျောင်းအုပ်ဆရာမကြီးက Power Point ဖြင့် ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ်(၂/၂၀၂၆)သို့ တက်ရောက်သင်ကြားနေသော ဆရာ၊ဆရာမများအား လိုက်လံနှုတ်ဆက်၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ပြောကြား ခဲ့သည့် မိန့်ခွန်းပါအချက်များအား ရှင်းလင်းဖတ်ကြားခဲ့ပြီး မိမိတို့မွန်ပြည်နယ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဌာနဆိုင်ရာများအဖြစ် အင်တိုက် အားတိုက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနနှင့်သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများနှင့် တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေ၊ လုပ်ငန်းအလိုက်ဆောင်ရွက်ရမည့် အခြေအနေများအား ကဏ္ဍအလိုက် ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment