ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားသည့် ဦးမောင်မြင့် သည် အမျိုးသားရေးလှုပ်ရှားသူများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်ထောင်စုအဆင့် တာဝန်ယူများ ဆောင်ရွက်ခဲ့ရပြီး အတိုက်အခံ ပါတီ အာဏာရသွားသည့် ကာလတွင် အမျိုးသားရေးလမ်းကြောင်းမှ မတိမ်းမစောင်း ဝေဖန်ထောက်ပြ ပြောဆိုနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ နိုင်ငံရေးသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။
သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်တွင် အမျိုးသားရေးလှုပ်ရှားသူများနှင့် နီးစပ်မှုမရှိခဲ့သော်လည်း အတိုက်အခံ နိုင်ငံရေးသမားအဖြစ် ရပ်တည်ရသည့်ကာလတွင် အမျိုးသားရေးလှုပ်ရှားသူများနှင့် ထိတွေ့ဆံသည်။ အမျိုးသားရေးအတွေးအမြင်များ ဖလှယ်သည်။ အမျိုးသားရေးအသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်သဖြင့် အမျိုးသားရေး သံဃာတော်များနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်များက လေးစား အားထားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဦးမောင်မြင့် ပါဝင်လာသည့်အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြရပါသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားသည့် ဦးမောင်မြင့် ထံ အထူးပြု တင်ပြလိုသည်မှာ နေပြည်တော်၊ လယ်ဝေးမြို့၊ အောင်းကုန်းကျေးရွာရှိ ရှေးဟောင်းကျောင်းတော်ကြီး ရဲ့ အခြေအနေပင်ဖြစ်ပါသည်။ ရှေးဟောင်းကျောင်းတော်ကြီး ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်လည်း ရောက်ခဲ့ဖူးပါသည်။ "ဥသြငှက်အော် ရှေးကျောင်းတော်" ဟူသော တဘောင်နှင့်အညီ မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ် က ဆောက်လုပ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိ ကျောင်းတော်ကြီး ဖြစ်ပါသည်။ ကျောင်းတော်ကြီး ဆောက်လုပ်ထားသည်မှာလည်း ရှေးဟောင်းလက်ရာများဖြင့် တင့်တည်စွာ ဆောက်လုပ်ထားခြင်းကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထား လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါသည်။
ရှေးဟောင်းကျောင်းတော်ကြီး ဆရာတော် ဦးပညာအနေဖြင့်လည်း ကျောင်းတော်ကြီး မြေကျွံဝင်လာသဖြင့် တတ်စွမ်းသမျှ ထိန်းသိမ်းထားသော်လည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်မူ မစွမ်းနိုင်ပါ။ မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်က ရှေးဟောင်းကျောင်းတော်ကြီးအတွင်းရှိ ဘုရားစေတီတစ်ဆူ ပြိုပျက်ခဲ့ရပါသည်။ အလှူရှင်များ၏ သဒ္ဓါတရားဖြင့် ပြန်လည်ပြုပြင်မွမ်းမံပြီး ဖြစ်ပါသည်။
ရှေးဟောင်းကျောင်းတော်ကြီးရှိ ပိသုကာလက်ရာများမှာ မျိုးဆက်သစ် ဆောက်လုပ်ရေးပညာရှင်များ လေ့လာနိုင်သည့် ရှေးဟောင်းလက်ရာများလည်း ပါဝင်သည်ဖြစ်ရာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ထားခြင်း အားဖြင့် ကောင်းကျိုးရလဒ်များ ရရှိနိုင်ပါသည်။
ဆရာတော်အနေဖြင့် ရှေးဟောင်းကျောင်းတော်ကြီးကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လိုသည့်အပြင် ကျေးရွာလမ်းကောင်းမွန်စေရေး၊ ကွန်ကရစ်လမ်းဖြစ်မြောက်ရေးအတွက်လည်း နေပြည်တော်ကောင်စီ တာဝန်ရှိသူများကို တင်ပြခဲ့ဖူးပါသည်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မြို့ရှောင်လမ်း ကပ်လျက်ရှိပြီး ကျေးရွာအဝင်လမ်းမှာ ကွန်ကရစ်လမ်းဖြစ်သော်လည်း ကျေးရွာလမ်းများမှာ မြေသားလမ်းအတိုင်းသာ ရှိသေးသည့်အတွက် ကျေးရွာတွင်လမ်းများကို စနစ်တကျ ကွန်ကရစ်လမ်းများ ဖြစ်စေလိုပါသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် ရှေးဟောင်းကျောင်းတော်ကြီးအား လေ့လာစိစစ်၍ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပြုပြင်ထိန်းသိမ်းနိုင်ရန်နှင့် အောင်းကုန်းကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
နောင်တော်လေး (ဘိုကလေး)
#MNP #News



No comments:
Post a Comment