မြိတ်၊ မေ ၆
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မြိတ်ခရိုင်ရှိ ပြည်သူများ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိ မြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲတက်ရောက်သည်။
တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က မြိတ်ခရိုင်သည် တနင်္သာရီတိုင်းဒေသကြီး၏ အရေးပါသောခရိုင်တစ်ခုဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းအလှအပများ၊ ရေထွက်ပစ္စည်းပေါများမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလားအလာကောင်းများ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဒေသခံပြည်သူလူထုနှင့် လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊
ပြည်သူလူထုသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကပိုင်ရှင်များဖြစ်ကြပြီး ဒေသအတွင်းသန့်ရှင်းသာယာရေး၊ တရားဥပဒေလိုက်နာရေး၊ လူမှုညီညွတ်ရေး၊ ပညာရည်မြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ပြည်သူများ၏ ပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရန် အစိုးရနှင့် ပြည်သူများ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အကြံပြုဆွေးနွေးမှုများနှင့် ဆက်လက်ရှေ့ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ခြင်းသည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ ဒါ့ကြောင့်အစိုးရ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူများအားလုံး မိမိတို့ကျရာနေရာတွင် တာဝန်သိစိတ်၊ ဒေသချစ်စိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်တို့ဖြင့် မြိတ်ခရိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် လွတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရေလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သာယာလှပရေး၊ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍလိုအပ်ချက်များ၊ စိုက်ပျိုး/မွေးမြူရေး ကဏ္ဍလိုအပ်ချက်များ၊ လမ်း၊ တံတားလိုအပ်ချက်များ၊ ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။
ခိုင်ထူး
#MNP #News
No comments:
Post a Comment