ပြင်ဦးလွင်၊ မေ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယမန်နေ့က ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကိုအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခင်က မိမိပြင်ဦးလွင်မြို့သို့လာရောက်ခဲ့သည့် ခရီးစဉ်များအတွင်း မြို့တွင်းလမ်းများစနစ်တကျရှိရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်ကွက်ကြီး (၈) နှင့် (၁၀) အတွင်းရှိ အဓိကကျသည့် လမ်း ၅ လမ်းအား အဆင့်မြှင့်တင်ရေးဆောင်ရွက်ခဲ့ပြီး ယနေ့တွင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့တွင် ဒေသခံများရှိသကဲ့သို့ အခြားဒေသများမှ ပြောင်းရွှေ့ရောက်ရှိလာသူများလည်းရှိကြောင်း၊ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြို့တွင်နေထိုင်သူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နေထိုင်ရာ အိမ်ခြံမြေများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စိမ်းလန်းစိုပြည်မှုများရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။
ပြင်ဦးလွင်ဒေသအနေဖြင့် ယခင်ဆယ်စုနှစ် နှစ်စုကာလခန့်နှင့်နှိုင်းယှဉ် ကြည့်မည်ဆိုပါကများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် သဘာဝကပေးထားသည့် ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ရန်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်အဖြစ် ဆောင်ရွက်နိုင်ရေး မိမိအနေဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ်နေ လူဦးရေများထူထပ်များပြားလာသည်နှင့်အမျှ နေ့စဉ်အမှိုက်စွန့်ပစ်မှုများလည်း များပြားလာကြောင်း၊ ထို့ကြောင့် အဆိုပါ စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာဖြင့် ပြန်လည်အသုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့ဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုများ ပိုမိုကောင်းမွန်လာမည်ဆိုပါက ပြည်တွင်း၊ ပြည်ပ ခရီးသွားများပိုမိုများပြားစွာဖြင့် လာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်သည်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ခရီးသွားများစားသုံးရန်နှင့် ဒေသတွင်းရှိပြည်သူများစားသုံးရန်လိုအပ်သည့် အစားအသောက်များအတွက် အသား၊ ငါးနှင့် ဥများကို ဒေသတွင်း၌ပင်လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သို့လာရောက်သည့် ခရီးသွားများ လာချင့်စဖွယ်ဖြစ်စေရေး ဒေသထွက်စားသောက်ကုန်များ၊ ရိုးရာအဝတ်အထည်များ၊ အစားအသောက်များနှင့် ဒေသထွက်သီးနှံများ ထိုက်သင့်သည့်ဈေးနှုန်းများဖြင့်ရောင်းချပြီး ခရီးသွားများကိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးခြင်း၊ ပျူငှာစွာဆက်ဆံခြင်းများဖြင့် ပြင်ဦးလွင်မြို့၏ ဂုဏ်သတင်းကို မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်မြို့သည် ပန်းမျိုးစုံနှင့်ရာသီသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်သကဲ့သို့ ချယ်ရီပင်များစိုက်ပျိုးဖြစ်ထွန်းသည့်ဒေသဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့ကို ချယ်ရီမြိုတော်၊ ပန်းမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်ရာတွင် ဒေသမျိုးရင်းပန်းမျိုးများကို ပိုမိုဖြစ်ထွန်းအောင်စိုက်ပျိုးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ မက်မန်းစိုက်ပျိုးမှုများကိုလည်း ယခင်ကတည်းကဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့၏ ထုတ်ကုန်တစ်ခုအနေဖြင့်ရှိခဲ့ကြောင်း၊ မက်မန်းပင်များကို ယခုထက်ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြားဥယျာဉ်သီးနှံများဖြစ်သည့် ထောပတ်၊ လိမ္မော်၊ မက္ကဒေးမီးယားအပါအဝင် အခြားသီးနှံများကိုလည်း တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပိုးစာပင်များလည်း စိုက်ပျိုး ဖြစ်ထွန်းသဖြင့် ပိုးစာပင်ကိုအခြေခံသည့် ပိုးချည်မျှင်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သဖြင့် ရေရှည်အတွက်ကြည့်၍ ပြင်ဦးလွင်ဒေသ၏ ထုတ်ကုန်တစ်ခုအဖြစ် ဆောင်ရွက်သွားနိုင်ကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်ဒေသသည် နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ယခင်ကတည်းကနာမည်ရှိပြီး အရည်အသွေးလည်း ကောင်းမွန်မြင့်မားသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်သဖြင့် ပြင်ဦးလွင်ဒေသ၌ နို့စားနွား မွေးမြူရေးလုပ်ငန်းများ ယခုထက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
ပြင်ဦးလွင်ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သစ်တောသစ်ပင်များသည် အအေးဓာတ်ကို ထိန်းသိမ်းနိုင်ခြင်းကြောင့် သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းမှုများကို တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြစေလိုကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့်စိုက်ပျိုးသွားကြရန်လိုကြောင်း၊ သစ်တောသစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ညီညွတ်မျှတသည့် ရာသီဥတုကို ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ရေအရင်းအမြစ်များကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ရေလုံလောက်စွာရရှိစေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေကိုအကျိုးရှိစွာဖြင့် သုံးစွဲသွားကြရန်လိုကြောင်း၊ အလားတူ မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားကြရန်နှင့် အမှိုက်သရိုက်များရှင်းလင်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် ပညာရေးနှင့်ပတ်သက်၍ အစဉ်အလာကောင်းမွန်သည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်း ၂၅ ရာခိုင်နှုန်းခန့် ရှိပြီးပညာရေးကို ကြိုးစားမြှင့်တင်နေကြကြောင်း၊ နိုင်ငံတော်မှဖွင့်လှစ်ထားသော ကျောင်းများအနေဖြင့် ပညာရေးကဏ္ဍမြင့်မားရေးကို အားပေးဆောင်ရွက်သွားကြစေလိုပြီး ကျောင်းများအားလုံး စနစ်တကျဖြစ်စေရေး၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြစ်စေရေးကြပ်မတ်ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ သက်ဆိုင်ရာအတန်းအလိုက် သင်ကြားပေးလိုက်သည့်ပညာရပ်များကို အမှန်တကယ်တတ်မြောက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် သင်ကြားပေးသွားရန်လိုကြောင်း၊ မိမိတို့၏သားသမီးများ ပညာတတ်များဖြစ်စေရေးနှင့် စည်းကမ်းကောင်းသည့် လူငယ်များ၊ မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များ၊ ဂါရဝတရားများဖြင့် နေထိုင်တတ်သည့်လူငယ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားစေရေးဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ၏ တစ်ဦးချင်းဘဝတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ပညာရေးကဏ္ဍအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကိုအသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့ကိုလည်း ပညာရေးနှင့်ပတ်သက်၍ စံပြမြို့ဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
အားကစားကဏ္ဍနှင့်ပတ်သက်၍ ခရိုင်အားကစားကွင်းအား ပြန်လည်ပြင်ဆင်ပေးလျက်ရှိပြီး ရပ်ကွက်အလိုက် အပန်းဖြေနေရာများ၊ ပန်းခြံများ၊ အားကစားကွင်းများ ဆောက်လုပ်ပေးသွားရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင်ခြင်းဖြင့် ကလေးငယ်များ၊ လူငယ်များအနေဖြင့်ကျန်းမာကြံ့ခိုင်မှုများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ လူငယ်များ၏အားကစားမြှင့်တင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများမှစတင်၍ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရပ်ကွက်များအလိုက် အားကစားကွင်းများ၊ ကလေးကစားကွင်းများနှင့် အပန်းဖြေနေရာများကို ဖော်ဆောင် ပေးသွားရန်လိုကြောင်း။
ကျေးလက်ဒေသများ၌ ကျန်းမာရေးနှင့်လျော်ညီသည့် ယင်လုံအိမ်သာနှင့် ရေလောင်းအိမ်သာများဖြစ်စေရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာကြည့်တိုက်များကိုလည်း ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ အလယ်တန်းအဆင့်ကျောင်းများအားလုံးနှင့် ကျေးရွာများအလိုက် စာကြည့်တိုက်များရှိရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များအတွင်း ဗဟုသုတနှင့်အသိပညာ၊ အတတ်ပညာများရရှိစေမည့် စာအုပ်စာပေများကိုထားရှိနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အမှန်တကယ်ဖတ်ရှုစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းပြင်ပပညာရှာမှီးရန်အထောက်အကူရသည့်အပြင် အသိပညာ၊ အတတ်ပညာရှိသည့်ပြည်သူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များရှိမှသာ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည်ပင် SME လုပ်ငန်းကိုအခြေခံ၍ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍လည်း ဆောင်ရွက်နေကြဆဲဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းကိုအသုံးပြု၍ စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန်လိုသကဲ့သို့ ပြည်တွင်းလိုအပ်လျက်ရှိသည့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက် အောင်ဆောင်ရွက်ပြီးထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့်နိုင်ငံခြားငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့များသည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး မြို့တစ်မြို့ချင်းစီအလိုက် ကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကိုကောင်းအောင် တည်ဆောက်နေခြင်းပင်ဖြစ်သဖြင့် မိမိတို့မြို့ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံများနှင့် ဒေသတွင်တာဝန်ထမ်းဆောင်နေသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ပြင်ဦးလွင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များ ခင်းကျင်းပြသထားရှိမှုအပေါ် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့် ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#News #MNP




No comments:
Post a Comment