ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ (အယ်ဒီတာ့ အာဘော်) - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ (အယ်ဒီတာ့ အာဘော်)


မြန်မာပြည်၏ အုပ်ချုပ်ရေးယန္တရားတွင် အခြေခံအဆင့် ဖြစ်သော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ရန် မြို့နယ်အသီးသီးတွင် ဥပဒေရေးရာ အသိပညာပေးခြင်း၊ ရှင်းလင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

ဒီမိုကရေစီအပြောင်းအလဲနှင့်အတူ ၂၀၁၀ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်မှစ၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အစဉ်အဆက် ရွေးချယ်တင်မြှောက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ချိန်တွင် NLD ဦးဆောင်သူများနှင့် NLD ကို အားပေးဝန်ရံသူများက အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းပြီး တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ခဲ့ကြသည်။ ငါးနှစ်တာ ကာလတစ်ခုအတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဆင့်တွင့် တာဝန်ထမ်းဆောင်နေသူများစွာကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည့် သတင်းဆိုးများကို ကြားသိခဲ့ရသည်။

နိုင်ငံရေးအစွန်းရောက် လူရမ်းကားများပေါများသည့်ကာလတွင် ရပ်ကျေးအုပ်ချုပ်ရေးမှာ ပစ်မှတ်ထား တိုက်ခိုက်ရန် အလွယ်ကူဆုံးအဆင့် အနေအထား ဖြစ်ခဲ့ရသည်။ သို့အတွက်ကြောင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ယူရသည်မှာ တာဝန်ကြီးလေးလွန်းသဖြင့် စာနာကြရမည်ဖြစ်သည်။

အကြမ်းဖက်လှုပ်ရှားမှုများ ရှိနေသည့် ဒေသများတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို NLD အသွင်ပြောင်း အကြမ်းဖက်သမားများက တိုက်ခိုက်သည်များရှိသော်လည်း တည်ငြိမ်အေးချမ်းသည့် ဒေသများတွင် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ယူ ဆောင်ရွက်နေသူတချို့မှာ ချော်လဲ ရောထိုင်လုပ်၍ ပြည်သူများအပေါ် မလိုလားအပ်သော လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်မှာလည်း လက်ခံနိုင်ဖွယ်ရာ မရှိပေ။

ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများဆိုသည်မှာ အစိုးရနှင့် ပြည်သူကြားကို ပေါင်းကူးပေးသူများ ဖြစ်သည်။ သာဓကထား၍ ပြောရပါမူ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် NLD အစိုးရ လက်ထက်က ဖဲသမားကို အုပ်ချုပ်ရေးမှူးအဖြစ် တင်ထားသည်။ ဖဲသမားက ရပ်ရွာဒေသကောင်းကျိုးအတွက် အလုပ် လုပ်ခြင်း မရှိ။ နယ်လှည့်၍သာ ဖဲရိုက်နေသည်။ နစကအစိုးရ တက်လာသောအခါ အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲ လုပ်သည်။ သက္ကယ်ဆိပ်ကျေးရွာအုပ်စုအတွက် အုပ်ချုပ်ရေးမှူး အပြောင်းအလဲ လုပ်ပုံမှာ ရွံရှာစက်စုပ်ဖွယ်ရာပင် ဖြစ်သည်။ မူလ ဖဲသမား အုပ်ချုပ်ရေးမှူးက အဆိုပြုသည့် ဖဲသမား၏ တပည့် အရက်သမားကို အုပ်ချုပ်ရေးမှူး တင်မြှောက်သည်။ ဤသို့ လုပ်ဆောင်ခြင်းကို မြို့နယ်က ဘာကြောင့် လက်ခံသနည်း။ လက်ခံရခြင်း အကြောင်းရှိပေလိမ့်မည်။ ရပ်ရွာဒေသကို ကောင်းကျိုးပြုနိုင်ခြင်း ရှိ၊ မရှိ ကို ထည့်သွင်းစဉ်းစားခြင်းမရှိ။ လက်ညှိုးထောင် ခေါင်းညှိတ်လုပ်ရန်အတွက် မြို့နယ်က လက်ခံထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ လုပ်ဆောင်သည်မှာ မသင့်လျော်ကြောင်း ခရိုင်အဆင့် တာဝန်ရှိသူများထံ ဆက်သွယ်ပြောဆိုသော်လည်း မရ။ နစကအစိုးရလက်ထက်တွင် အရက်သမား အုပ်ချုပ်ရေးမှူး၏ ဖိနှိပ်စော်ကားမှုများကို သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် နေထိုင်ကြသော ပြည်သူများ ခံခဲ့ကြရသည်။

ဖဲသမား အုပ်ချုပ်ရေးမှူးပြုတ် က အရက်သမား သူ့တပည့်ကို အုပ်ချုပ်ရေးမှူးတင်ရန် အဆိုပြုခြင်းမှာလည်း သူကြိုးကိုင်လို၍ ဖြစ်သည်။ သို့သော် အရက်သမားအုပ်ချုပ်ရေးမှူးက ကာလကြာလာသည်နှင့်အမျှ ကြိုးကိုင်၍ မရ။ ထင်ရာစိုင်းတော့သည်။

အရက်သမားအုပ်ချုပ်ရေးမှူး ကျေးရွာနေပြည်သူများအပေါ် မည်သို့ ယုတ်မာကောက်ကျစ်သနည်း။ အချိန်မတော် မူးလာပြီဆိုလျှင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ စစ်ဆေးပြီး အဆမတန် ဒဏ်ငွေများ ကောက်ခံရယူသည်။ ကျေးရွာတွင် တစ်ရက်လျှင် ၂ဦး အလှည့်ကျ ကင်းစောင့်ရသည်ဖြစ်ရာ သူလာသည့် အချိန် ကင်းသမား မရှိ၍ဟု အကြောင်းပြကာ သိန်းနှင့်ချီ၍ ဒဏ်ငွေရိုက်သည်။ အစဉ်အဆက် အုပ်ချုပ်ရေးမှူးများ မလုပ်ခဲ့ဖူးသည့် ယုတ်မာကောက်ကျစ်သော အလုပ်များကို အရက်သမား အုပ်ချုပ်ရေးမှူးက လုပ်လာတော့သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ငွေကြေးကောက်ခံမှုများကိုလည်း အဆမတန် လုပ်ဆောင်ခဲ့သည်။

ယခုအခါ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိပြီး ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ရာတွင် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအနေဖြင့် ကိုယ့်ရပ်ရွာဒေသကို ကောင်းကျိုးပြုနိုင်သူများအား ဦးစားပေး ရွေးချယ်ကြဖို့ လိုအပ်ပါသည်။ မြို့နယ်တာဝန်ရှိသူများအနေဖြင့်လည်း ရပ်ရွာဒေသကို ကောင်းကျိုးပြုနိုင်ခြင်း မရှိသော ဖဲသမား၊ အရက်သမားများကို အုပ်ချုပ်ရေးမှူးခန့်ထားခြင်းမျိုး မလုပ်သင့်ပါ။

ထိုသို့သော ဖဲသမား၊ အရက်သမားများကို အုပ်ချုပ်ရေးမှူး ခန့်ထားခြင်းကြောင့် ကျေးရွာနေ ပြည်သူများမှာ နိုင်ငံတော်က ပေးအပ်သည့် အခွင့်အရေးကိုလည်း မှန်ကန်စွာမရ၊ ရပ်ရွာဒေသ ဖွံ့ဖြိုးရေးအတွက်လည်း လုပ်ဆောင်ပေးခြင်း မရှိ။ နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ နောက်ကျရုံမျှမက ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ မလျော်ကန်သော လုပ်ရပ်များကြောင့် ပြည်သူများက အစိုးရအပေါ် အထင်အမြင်လွဲမှားကာ ဘယ်အစိုးရတက်တက် မထူးပါဘူးဟု မှတ်ချက်ပြုကြပေလိမ့်မည်။

တိုင်းပြည်တွင် နိုင်ငံရေးအစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်နေစဉ်ကာလအတွင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်ကို အသက်စွန့်၍ ထမ်းဆောင်ပေးခဲ့ကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကြီးများကို ဦးညွှတ် ဂုဏ်ပြုရမည်ဖြစ်သော်လည်း ရပ်ကျေးအုပ်ချုပ်ရေးတွင် တွယ်ကပ်နေပြီး အစိုးရနှင့် ပြည်သူကြား ပေါင်းကူးဖြစ်မလာဘဲ နိုင်ငံတော်က ပေးအပ်သမျှ အခွင့်အရေးကို အလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာကာ ရပ်ကွက်/ ကျေးရွာ ပြည်သူများ၏ ရပိုင်ခွင့်ကို ဂုပ်သွေးစုပ်နေသူများအား ရွေးချယ်တင်မြှောက်ခြင်း မပြုမိစေရန် အထူးသတိပြုကြရန် အသိပေး ရေးသားလိုက်ရခြင်းဖြစ်သည်။


(မှတ်ချက် ။  ။ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် ဖဲသမား၊ အရက်သမား အုပ်ချုပ်ရေးမှူး နှစ်ဆက် လက်ထက်တွင် ရပ်ရွာဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်းမရှိ၊ ရပ်ရွာဒေသနေ ပြည်သူများအပေါ် နည်းမျိုးစုံနှင့် ဒုက္ခပေးခဲ့ပုံများကို တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးဖော်ထုတ်လျင် မှန်ကန်စွာ သိရှိနိုင်မည် ဖြစ်ပါသည်။)


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)