အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ မြန်မာ - ရုရှားဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ မြန်မာ - ရုရှားဆွေးနွေး


နေပြည်တော်၊ မေ ၁၉

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တာတာစတန်ပြည်နယ် ကာဇန်မြို့၌ မေ ၁၃ ရက်မှ ၁၇ ရက်အထိကျင်းပသည့် (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

မေ ၁၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Roman Chekushov နှင့်တွေ့ဆုံ၍ အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် MSME ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် Tyazhpromexport Co.,Ltd. (TPE) နှင့်တွေ့ဆုံပြီး အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) နှင့်စပ်လျဉ်းသည့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မေ ၁၄ ရက် နံနက်ပိုင်းတွင် (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်နှင့် စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြီး ကာဇန်အပြည်ပြည်ဆိုင်ရာကုန်စည် ပြခန်း (Kazan Expo International Exhibition Center) တွင် ခင်းကျင်းပြသထားမှုများကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုခေတ် ကုန်ဆုံးချိန်တွင် စီးပွားရေးလုပ်ငန်း လွတ်လပ်မှုနှင့် နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို သေချာ စေခြင်း (Ensuring Freedom of Economic Activity and Technology Sovereigity in the Context of the end of the era of Globalization) ဆွေးနွေးပွဲ သို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အစ္စလာမ်မစ်နိုင်ငံများတွင် ရုရှားထုတ်ကုန်များကို မြှင့်တင်ခြင်း (Promotion of Russian Product in the Countries of the Islamic World) ဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် တာတာစတန်ပြည်နယ် အကြီးအကဲ Mr. Rustam Minnikhanov နှင့်တွေ့ဆုံ၍ တာတာစတန်ပြည်နယ်သည် ရေနံဓာတုလုပ်ငန်း၊ Mechanical Engineering IT ၊ စိုက်ပျိုးရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိမှု၊ ရုရှားနှင့် မြန်မာကြားရှိ ဆက်ဆံရေးကိုအခြေခံ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရေး၊ Dr. Kz Rais ၏ ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ကုန်သွယ်ရေးနှင့် Alabuga Sez သို့ လုပ်သားစေလွှတ်ရေး၊ LoI နှစ်စောင် လက်မှတ် ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ လုပ်သားများ အချိန်မီစေလွှတ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် စီးပွားရေးဆွေးနွေးပွဲများ အပြန်အလှန် ကျင်းပရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မေ ၁၅ ရက်တွင် အိုမန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ရေနံထွက်ကုန်များ၊ LNG တင်သွင်း နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာလယ်ယာထွက်ကုန် ဆန်၊ သရက်သီး၊ ကော်ဖီ၊ ပဲမျိုးစုံတင်ပို့နိုင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် စီးပွား ရေးဆွေးနွေးပွဲများ အပြန်အလှန် ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် Sber Bank ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Gigachal AI တည်ဆောက်ထားသော AI CyberSecurity ကဏ္ဍများ ပူးပေါင်းဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

မေ ၁၆ ရက် ညပိုင်းတွင် ကာဇန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး Mr. Rustam Khusainovich က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

မေ ၁၇ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာဇန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ညနေ ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)