မင်းဘူးခရိုင်၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဝါအထူးဇုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးခရိုင်၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဝါအထူးဇုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်









မင်းဘူး၊ မေ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဝါအထူးဇုံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ဝါသီးနှံမျိုးစုံ ဧကပေါင်း ၄၃၂၉၇ ဧက စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်အစိုးရမှ စက်မှုကုန်ကြမ်းသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေး အဓိကဦးစားပေး ဆောင်ရွက် လျက်ရှိရာ မင်းဘူးခရိုင်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဝါစိုက်ဧက တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါအရည်အသွေးကောင်းမွန်၍ ချည်ချောအဆင့်ထိ ထွက်ရှိရေး ဝါအထူးဇုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တ်ရဲတင့်ထွန်းက မေလ ၆ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးအခန်းမ၌ ဝါစိုက်တောင်သူများ၊ ဝါစက်လုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားပြီး မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများအတွက် ဝါသီးနှံမျိုးစေ့များကို ပေးအပ်ခဲ့သည်။

မင်းဘူခရိုင်အတွင်း၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံ ဝါအပါအဝင် သီးနှံစုံကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေးအတွက် သီးထပ်၊ သီးညှပ် တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မင်းဘူးခရိုင် အတွင်းရှိ မြို့နယ်(၅)ခု၌ ယခင်နှစ် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ဧကပေါင်း ၁၁၁၆၄၇၃ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ သီးနှံစုံဧကပေါင်း ၁၁၄၆၉၄၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အလားတူ ယခုနှစ် ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီတွင် သီးနှံစုံဧကပေါင်း ၁၁၃၃၃၇၄ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သီတာလွင်က ပြောသည်။

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခင်နှစ် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဝါသီးနှံမျိုးစုံ ဧကပေါင်း ၄၂၃၉၀ ဧက စိုက်ပျိုးခဲ့ပြီး ဒေသတွင်း အများဆုံးစိုက်ပျိုးသောဝါမျိုးများမှာ ရွှေတောင် (၁၀) ၊ရွှေတောင် (၈) ၊ငွေချည် (၁၁)၊ B -31 ဝါမျိုးများဖြစ်ကြောင်း၊ အလားတူ ယခုနှစ် ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီတွင် မင်းဘူး(စကု)မြို့နယ်၌ ၃၅၂၅ ဧက၊ ပွင့်ဖြူမြို့နယ်၌ ၅၂၇၁ ဧက၊ စလင်းမြို့နယ်၌ ၃၁၅၇၀ ဧက၊ စေတုတ္တရာမြို့နယ်၌ ၆၆၉ ဧကနှင့် ငဖဲမြို့နယ်၌ ၂၂၆၂ ဧက ဝါသီးနှံမျိုးစုံ စုစုပေါင်း ၄၃၂၉၇ ဧကအထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။

ဝါစိုက်တောင်သူများအနေဖြင့် အမွှေးပါသည့် (Fuzzy seed)များအစား အပင်ပေါက်ရာခိုင်နှုန်း သေချာသည့် ( Delinted seed)ပြောင်းလဲ စိုက်ပျိုး ခြင်းဖြင့် မျိုးစေ့ကုန်ကျစရိတ်နှင့် သားခွဲခြင်းကုန်ကျစရိတ် သက်သာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရမှ ဝါမျိုးစေ့ထုတ် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် ၃ သိန်းနှုန်း၊ ဝါစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် (၂)သိန်းခွဲနှုန်းဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ဝါသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသော သွင်းအားစု မျိုးကောင်းမျိုးသန့်များ သုံးစွဲရေးနှင့် စိုက်ပျိုး နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)