အရှေ့တောင်အာရှနိုင်ငံများအသင်း (သို့ )အာဆီယံ (Association of Southeast Asian Nations (ASEAN)) သည် အရှေ့တောင်အာရှ ၁၁ နိုင်ငံ ပေါင်းစည်းဖွဲ့စည်းထားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အသင်း ဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေညာချက် (ဘန်ကောတ်ကြေညာစာတမ်း)ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ကြသည်။ နောင်တွင်မှ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား စသော နိုင်ငံများပါဝင်လာခဲ့ပြီး ၁၀ နိုင်ငံအထိဖြစ်လာခဲ့သည်။ ၂၀၂၅ အောက်တိုဘာတွင် တီမောလက်စ်တေနိုင်ငံသည် ၁၁ မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
အာဆီယံ၏ ရည်ရွယ်ချက်များကို လေ့လာကြည့်မည်ဆိုလျှင် -
(က)ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်။
(ခ)ထို့ကြောင့် လွတ်လပ်၍ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသော ဘဝသို့ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။
အဆိုပါ ရည်ရွယ်ချက်အတွက် - (က) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ တစ်ဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတတ်ဖြစ်ပေါ်လာမှု မြှင့်တင်ရန်၊ (ခ) အင်အားကြီး ပြိုင်ဆိုင်မှု ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့ မလာအောင် ဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ကာကွယ်ရန်၊ (ဂ) ဒေသအတွင်း နိုင်ငံအချင်းချင်း ဖြစ်ပေါ်လာသည့် သဘောထား ကွဲလွဲမှုများကို ထိန်းသိမ်းဖြေရှင်း ပေးနိုင်ရန် တို့ဖြစ်ကြသည်။
အာဆီယံ၏ အခြေခံ စည်းမျဉ်း(၆) ရပ် မှာ -
၁။ နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး၊
၂။ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက် ပြုခြင်းများ ခြိမ်ခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊
၃။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊
၄။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊
၅။ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်၊
၆။ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် တို့ဖြစ်ကြသည်။
အာဆီယံ၏ ရည်ရွယ်ချက်နှင့် အခြေခံစည်းမျဉ်းများကို ကောက်နှုတ်ဖော်ပြရခြင်းမှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပေါ် အာဆီယံဒေသတွင်း နိုင်ငံများက ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေခြင်းသည် ရည်ရွယ်ချက်နှင့် အခြေခံစည်းမျဉ်းများကို ဖောက်ဖျက်လျက်ရှိကြောင်း သိသာစေရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် NLD ပါတီ က မဲလိမ်မဲခိုးမှုများ အလွန်အကြူး လုပ်ဆောင်ခဲ့သည်ကို မျက်ကွယ်ပြု၍ အနောက်အုပ်စုမှ ဖိအားပေးလျက်ရှိသကဲ့သို့ အာဆီယံဒေသတွင်း နိုင်ငံတချို့ကပါ အနောက်အုပ်စုမှ အင်အားကြီးနိုင်ငံများနှင့် တသားတည်း ရပ်တည်၍ မြန်မာနိုင်ငံအပေါ် အခြေခံစဉ်းမျဉ်းများကို ဖောက်ဖျက်၍ ခွဲခြားဆက်ဆံမှုများ ပြုလုပ်လျက်ရှိသည်ကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချရမည်ဖြစ်သည်။
အနောက်အုပ်စုနှင့် အာဆီယံဒေသတွင်း နိုင်ငံတချို့ လိုလားသည့် ပုဂ္ဂိုလ် ဦးဆောင်သော အဖွဲ့အစည်းသည် မြန်မာနိုင်ငံသား ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို အလွဲသုံးစားလုပ်၍ အဂတိလိုက်စားခြင်း၊ အာဏာသက်ဆိုးရှည်ရန် မလျှော်သြဇာသုံး၍ လုပ်ခဲ့သည်များကို မျက်ကွယ်ပြု၍ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခြင်း၊ မလိုလားအပ်သော ဖိအားပေးမှုများ လုပ်ဆောင်နေခြင်းများသည် လက်ခံနိုင်ဖွယ်ရာမရှိသော လုပ်ရပ်များဖြစ်ပါသည်။
မြန်မာပြည်တွင် ဖြစ်ပေါ်ခဲ့သော ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့ အပါအဝင် NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးများ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များ၏ အဂတိလိုက်စားမှုများကြောင့် တိုင်းပြည်မှာ များစွာနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို တရားဝင်သတင်းစာရှင်းလင်းပွဲများမှ ချပြခဲ့ပြီး နိုင်ငံတကာက သိရှိစေရန် သံတမန်များမှတဆင့် အချက်အလက်များကို ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့သော အမှန်တရားများကို မျက်ကွယ်ပြု၍ အာဆီယံဒေသတွင်း နိုင်ငံများက မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏ အလိုကျ ဖိအားပေးလုပ်ဆောင်နေခြင်းများသည် အာဆီယံ၏ ရည်ရွယ်ချက်တွင် ပါဝင်သည့် (အင်အားကြီး ပြိုင်ဆိုင်မှု ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့ မလာအောင် ဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ကာကွယ်ရန်) ဟူသော ရည်ရွယ်ချက်ကို မျက်ကွယ်ပြုထားခြင်းပင်ဖြစ်သည်။
ထိုမှတဖန် မြန်မာ့ပြည်တွင်းရေးပြဿနာကို ၎င်းတို့အလိုကျ ဖြစ်စေရေန် ဖိအားပေးနေမှုများသည် အာဆီယံ အခြေခံစည်းမျဉ်းများဖြစ်သည့် ( နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်) ဟူသော စည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
အာဆီယံ ၏ ရည်ရွယ်ချက်၊ အခြေခံစည်းမျဉ်းများကို ပြောင်ပြောင်တင်းချိုးဖောက်၍ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်လျက်ရှိသည့် နိုင်ငံများမှာ အဖွဲ့ဝင်နိုင်ငံ ထက်ဝက်ခန့်ရှိပါသည်။ အဆိုပါ နိုင်ငံများ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များကို မြန်မာအစိုးရအနေဖြင့် ပြတ်ပြတ်သားသား မေးခွန်းထုတ်၍ ရည်ရွယ်ချက်နှင့် အခြေခံစည်းမျဉ်းများအပေါ် လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများကို ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်သွားရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအား အလေးအနက် တိုက်တွန်းအပ်ပါသည်။
#MNP #News

No comments:
Post a Comment