လူငယ်တို့၏ အနာဂတ်နှင့် တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်းများ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်တို့၏ အနာဂတ်နှင့် တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်းများ



တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူခြင်းကို နိုင်ငံတော်ပိုင်သတင်းစာများတွင် တွေ့ရသည်။ စတင်ကြော်ငြာသည့်အချိန်မှစ၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ကျွန်တော်တို့ ပုဂ္ဂလိက သတင်းဌာနများက ပြန်လည်ဖော်ပြပေးလျက်ရှိပါသည်။

တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူရာတွင် -

၁။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းပညာ များကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများ သည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်း အတွက် Grade-10 အောင်မြင်ပြီး အသက် ၁၈ နှစ် ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်။

( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်။

( ဂ ) တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရ။

(ဃ) စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်။

လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်နေ့အတွင်း လျှောက်ထားသူကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များသို့ လျှောက်ထားရမည်-

(က) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ ၃ ပုံ။

( ခ ) နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။

( ဂ ) မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။

(ဃ) အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)။

( င ) ကျောင်းထွက်လက်မှတ်(မိတ္တူ)။

( စ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း။

(ဆ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

အစရှိသော လိုအပ်ချက်များကို တပါးတည်း ပူးတွဲဖော်ပြထားသည်။

တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများကို ဘာကြောင့် ကြိုဆိုသင့်သနည်း။ စာရေးသူ ငယ်ဘဝ ပညာသင်ကြားခဲ့ရသည့် အခြေအနေနှင့် ထင်ဟပ်တင်ပြပါမည်။

ကျွန်ုပ်တို့ နေထိုင်ရာ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာ ဟူသော ရွာလေးသည် မူလတန်းကျောင်းသာ ရှိပါသည်။ ရွာသားအများစုသည် စတုတ္ထတန်းအောင်သည်နှင့် ကျောင်းထုတ်ကြသည်။ ဘဲကျောင်း၊ ကျွဲကျောင်းနှင့် လယ်ထဲအလုပ်တွင် လက်တိုလက်တောင်းခိုင်းကြသည်က များပါသည်။ ကျွန်တော်တို့ အရှေ့မှ ဆယ်တန်းအောင်ဘွဲ့ရဟူ၍ ကျွန်တော်တို့ကို စာသင်ပေးသည့် ဆရာလေးတစ်ဦးသာ ရှိသည်။ ဆရာလေးနောက်ပိုင်း ရွာမှ အလယ်တန်းကျောင်းသားမရှိ။ ဆယ်တန်းအောင် ဘွဲ့ရဖို့ ဝေးစွ။ 

ကျွန်တော်တို့ရွာကျောင်းလေးသို့ ရန်ကုန်မြို့မှ ဆရာမ ဒေါ်စန္ဒာမြင့် ရောက်လာခဲ့သည်။ ဆရာမ ဒေါ်စန္ဒာမြင့် ရောက်လာပြီး ရွာ၏ အခြေအနေကို သိရှိသောအခါ လေးတန်းအောင်ကျောင်းသားများ ကျောင်းဆက်တက်နိုင်ရေး တွဲဘက်အလယ်တန်းကို စတင်သင်ကြားပေးခဲ့သည်။ 

ကျွန်တော်တို့ ၃တန်းအရောက်တွင် ရွာမှ အလယ်တန်းကျောင်းသားတစ်ဦး ထွက်ပေါ်လာသည်။ ကိုအေးမင်းထွဋ် တစ်ဦးတည်းသာ ရှိသည်။ ဆရာမ ဒုတိယနှစ်တွင် လေးတန်းအောင်ကျောင်းသား ၃ဦး အလယ်တန်း ဖြစ်လာသည်။ စုစုပေါင်း (၄)ဦး ဖြစ်လာသည်။ ဆရာမ (၃)နှစ်အထိ ရွာမှာနေလိုက်သောအခါ အလယ်တန်းကျောင်းသား (၁၀)ယောက်ဝန်းကျင်အထိ ဖြစ်လာသည်။ 

ဆရာမ ဒေါ်စန္ဒာမြင့် ရန်ကုန်ပြန်ပြောင်းတော့မည် ဆိုသည့်အခါ အလယ်တန်းကျောင်းသားများကို ပတက်ရွာမှ ဆရာဦးဝင်းနိုင်၊ ဆရာမဒေါ်မြင့်မြင့်ရီတို့ထံ အပ်နှံပေးခဲ့သည်။ ကျွန်တော်တို့ အလယ်တန်းကျောင်း တက်ရဖို့အရေး ဆရာမ က လမ်းဖွင့်ပေးခဲ့သည်။ ကျွန်တော် (၄)တန်းအောင်ပြီးသော် ဆရာဦးဝင်းနိုင်၊ ဆရာမ ဒေါ်မြင့်မြင့်ရီ တို့ ဆိုသည်မှာလည်း ဆွေမကင်း၊ မျိုးမကင်းများ ဖြစ်သဖြင့် အမေက ပတက်ရွာ တွဲဘက်အလယ်တန်းကျောင်းတွင် လိုက်လံအပ်နှံပေးခြင်းကြောင့် အလယ်တန်းတက်ခွင့်ရသည်။

ကျွန်တော်နှင့်အတူ ရွာမှ (၄)တန်းအောင်သည့် ကျောင်းသားအားလုံး အလယ်တန်းကို တက်သည်မဟုတ်။ ယောက်ျားလေး (၃)ယောက်တည်းသာ ဖြစ်သည်။ ကျွန်တော် (၈)တန်းအောင်ပြီးသော် အမေက ကျောင်းဆက်မထားနိုင်တော့ပေ။ အလုပ်ထွက်လုပ်ရတော့မည်။ သို့သော် ကျွန်တော်ကတော့ ကျောင်းတက်ချင်စိတ် မပျောက်။ မိခင်တစ်ယောက်တည်း ရုန်းကန်နေရသည်မှာလည်း သနားစရာကောင်းလှသည်။ ကျွန်တော့် ညီကလည်း အလယ်တန်းကျောင်းသား ဖြစ်လာပြီ။ သို့အတွက်ကြောင့် မိခင်၏ စကားကို မလွန်ဆန်ဘဲ အလုပ်ထွက်လုပ်ခဲ့ရသည်။

မိခင်က ထိုသို့အလုပ်ထွက်လုပ်ခိုင်းရသော်လည်း ရွာမှာ ဘဲကျောင်း၊ ကျွဲကျောင်းမခိုင်းလို။ မြို့ပေါ်တက် အလုပ် လုပ်နိုင်ရန်စီစဉ်ပေးသည်။ ထိုသို့ အလုပ် လုပ်ရင်း ကျောင်း(၂)နှစ် အောက်ပြီးမှ ကျောင်းပြန်တက်ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်တို့ရွာတွင် ကျွန်တော့်အရှေ့ (၃)တန်း၊ ကျွ်တော့်အနောက် (၃)တန်းလောက်အထိသာ အလယ်တန်းကျောင်းသားရှိပြီး နောက်ပိုင်းတွင် အလယ်တန်းကျောင်းသား ခါးပြတ်သွားရပြန်သည်။

ထိုစဉ်အချိန်က ကျွန်တော်အတွေးပေါ်ခဲ့ဖူးသည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်ထဲတွင် အရာခံဗိုလ် ဘကြီးတစ်ယောက်ရှိသည်။ လေတပ်ထဲဝင်ရင်များ ကျောင်းဆက်တက်ခွင့်ရမလား။ တပ်မတော်ထဲမှာ ကျောင်းဆက်တက်လို့ရတယ်ဟူသော ဗဟုသုတကြားဖူးနားဝ ရှိခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။ ဘကြီးက မဝင်စေလို။ အပြင်အလုပ်သာ လုပ်ပါတော့ဟု တားမြစ်ခြင်းကြောင့် မဝင်ဖြစ်ခဲ့ပါ။

ပြောလိုရင်းမှာ ထိုစဉ်အချိန်က ယခုကဲ့သို့ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသာ ရှိခဲ့ပါမူ ကျွန်တော်တို့လို မပြည့်စုံသည့် မိသားစုများအနေဖြင့် ပညာလိုလားသည့်အလျှောက် ပညာသင်ကြားခွင့် အခွင့်အလမ်း မဆုံးရှုံးစေရန် ရွေးချယ်စရာတစ်ခု ဖြစ်မည်။ ကျွန်တော်တို့ ငယ်စဉ်က ယခုလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးခြင်း မရှိခဲ့ပါ။ တပ်မတော်အပေါ် အမုန်းတရားများဖြန့်ဝေနေခြင်းကြောင့် ပြည်သူလူထုကြားတွင် သို့လော သို့လော ပြဿနာများကလည်း ရှိနေသည်။

ကျွန်တော်တို့ အခြေခံပညာသင်ကျောင်းသားအရွယ် ကျွန်တော်တို့နှင့်အတူ (၈)တန်းအောင်ပြီး ကျောင်းထွက်လိုက်ကြသည်က များသည်။ အလယ်တန်းကျောင်းမှ မြို့ပေါ်အထက်တန်းကျောင်းသို့ တက်လှမ်းဖို့ရာ ဆိုသည်မှာလည်း ခက်ခဲလွန်းလှသည်။ ထိုသို့သော အခြေအနေများကြောင့် ယနေ့ ပညာရေးစစ်တမ်းကို ပြန်ကြည့်လျှင် ပညာတတ်နည်းပါးလာသည်။ ထိုသို့သော အခြေအနေကို ကုစားရန် နိုင်ငံတော်အစိုးရဘက်ကမှလည်း ပညာရေးဘက်ဂျက်ကို တိုးမြှင့်သုံးစွဲ၍ လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်၏ လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းရန် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများဖွင့်လှစ်ရန် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သော ဆောင်ရွက်ချက်ကို ကျောင်းသားမိဘများ၊ ပညာလိုလားသည့် ကျောင်းသားလူငယ်များက အလေးထား စဉ်းစားကြရမည်။ မိမိတို့၏ ရင်သွေးငယ်များကို ပညာတစ်ပိုင်းတစ်စဖြင့် ရရာအလုပ်လုပ်ခိုင်းခြင်းထက် ပညာပြည့်ဝမှ အလုပ် လုပ်ရသော် မိသားစုဝင်ငွေလည်း တိုးသည်။ နိုင်ငံတော်အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီးသား ဖြစ်သည်။

တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများကို လူငယ်တို့၏ အနာဂတ်အတွက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ကို ပြည်ပြေး၊ ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက မလိုလားကြပေ။ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ကြရပေလိမ့်မည်။ ထိုသူများသည် သူတို့၏ သားသမီးများကို ပညာရေးအပြတ်မခံ။ ပြည်ပြေး ဝရမ်းပြေးများ ဆိုသည်မှာလည်း လူငယ်များကို ကျောင်းမတက်နဲ့ ကျောင်းထွက်ဟု လှုံ့ဆော်ပြီး သူတို့၏ သားသမီးများကို သူတို့ပြေးရာ အမေရိကန်၊ အင်္ဂလန်အပါခေါ်သွားပြီး ကျောင်းထားကြသည်။ တချို့ဘွဲ့များပင် ယူပြီးကြပြီဖြစ်သည်။

ထိုသူများသည် တပ်မတော်နှင့် ပြည်သူကြား သွေးခွဲရာတွင် အလွန်ယုတ်မာကောက်ကျစ်လွန်းသည်။ မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်ကို တည်ဆောက်ပေးခြင်း မရှိသည့်အပြင် နည်းမျိုးစုံဖြင့် လူညွန့်တုံးအောင် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်နေမှုများကို ပြည်သူများအနေဖြင့် မှန်ကန်စွာ သိမြင်နားလည်ကြရမည်။ ကျွန်တော်တို့ ငယ်စဉ်ကလည်း ပညာရေးအတွက် အင်မတန်ခက်ခဲသည့် အခြေအနေမှ ဘွဲ့တစ်ခုရအောင် ကြိုးစားရုန်းကန်ပြီး အရယူခဲ့ရခြင်း ဖြစ်ပါသည်။ ယနေ့ လူငယ်များ၏ ပညာရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးရန် ကြိုးပမ်းလျက်ရှိရာ တပ်မတော်ကလည်း လူငယ်ပညာရေးသင်တန်းကျောင်းများဖွင့်လှစ်ပေးပြီး လူငယ်တို့၏ အနာဂတ်လှပအောင် ပုံဖော်ပေးနေခြင်း ဖြစ်သည်။

ပညာလိုလား လူငယ်များ၊ မိဘငွေကြေးမတတ်နိုင်ခြင်းကြောင့် ပညာရေးတစ်ပိုင်းတစ်စ ဖြစ်ရမည့် အခြေအနေမျိုး မဖြစ်ရလေအောင် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများမှ မိမိတို့တတ်မြောက်လိုသည့် ပညာကို တတ်မြောက်သည်အထိ သင်ကြားတတ်မြောက်ပြီးလျှင် တိုင်းပြည်ကိုလည်း ကောင်းကျိုးပြု၊ မိသားစုအတွက်လည်း အထောက်အပံ့ကောင်းများ ရပေလိမ့်မည်။ သို့အတွက်ကြောင့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသည် အလေးထားစဉ်းစားရွေးချယ်ရမည့် ပညာရေးပလက်ဖောင်းတစ်ခု ဖြစ်ပါကြောင်း ကျောင်းသားမိဘများနဲ့ ပညာလိုလားသည့် လူငယ်များအတွက် ထပ်ဆင့်နှိုးဆော် မျှဝေပေးခြင်း ဖြစ်ပါသည်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)