မြန်မာ့နိုင်ငံရေးတွင် မတူညီသော အင်အားစုများ၏ ပွတ်တိုက်မှုသည် လွတ်လပ်ရေးရပြီးစအချိန်မှစ၍ နိုင်ငံခေါင်းဆောင်များ၏ နိုင်ငံရေးသဘောထားကွဲလွဲမှုမှ အခြေတည်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း နိုင်ငံရေး ပွတ်တိုက်မှုများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာနှောင့်နှေးစေခဲ့သည်။ မိမိတို့ တိုင်းပြည်အပေါ် မလိုလားအပ်သော ဖိအားပေးမှုများ ဖြစ်ပေါ်စေသည်။
အဓိကအားဖြင့် တပ်မတော်သား အငြိမ်းစားများစုဖွဲ့ထားသော နိုင်ငံရေးအင်အားစုနှင့် အနောက်အုပ်စု၏ သြဇာခံ နိုင်ငံရေးအင်အားစုများ၏ ပွတ်တိုက်မှုသည် အကြီးမားဆုံးပြဿနာဖြစ်သည်။
အနောက်အုပ်စု၏ သြဇာခံ နိုင်ငံရေးအင်အားစုများသည် တပ်မတော်နှင့် ပြည်သူကို မုန်းတီးအောင် ဖန်တီးသည်။ တပ်မတော် က ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေသယောင် ဝါဒဖြန့်ချီ၍ နိုင်ငံရေးအမြတ်ထုတ်လိုသည်။ တပ်မတော်နှင့် ပြည်သူကို အစဉ်အမြဲသွေးခွဲနေသည့် အုပ်စုဟုဆိုလျင် မမှားပေ။ ထိုသူများသည် အနောက်အုပ်စု၏ လက်ပါးစေများပီပီ မီဒီယာကို ကောင်းစွာ အသုံးချ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရုံမျှမက အလုံးစုံပျက်သုဉ်းရေးအထိ ဦးတည်ကာ တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
အနောက်အုပ်စု၏ လက်ပါးစေ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတို့၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် တပ်မတော်က အာဏာသိမ်းမှု အကြိမ်ကြိမ် လုပ်ခဲ့ခြင်းကြောင့် တိုင်းပြည်နလန်မထူခဲ့ဘူး ဟု လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများကို တွေ့မြင်ရသည်။
အများပြည်သူ သိကြပေလိမ့်မည်။ တိုင်းပြည်အတွင်း ရှိ လမ်းတံတားများ၊ အခြေခံအဆောက်အဦးများကို ဘယ်အစိုးရများလက်ထက်တွင် တည်ဆောက်ခဲ့ပါသနည်း။ ယနေ့ အများပြည်သူအသုံးပြုနေသော လမ်းတံတားများကို တပ်မတော်အစိုးရများလက်ထက်တွင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်မှာ ငြင်း၍ မရသော အမှန်တရားများပင် ဖြစ်ပါသည်။ ဒီမိုကရေစီခေတ်ပြောင်း ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကြီးမားသော တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရခြင်းမရှိ။ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများလောက်သာ လုပ်ခဲ့ရသည်။ NLD အစိုးရလက်ထက်တွင်လည်း ကြီးမားသော တည်ဆောက်ရေးလုပ်ငန်း လုပ်ခဲ့ရခြင်းမရှိ။ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းလည်း မရှိခဲ့ပေ။
NLD ပါတီ ဦးဆောင်သူများနှင့် အပေါင်းအပါများသည် အနောက်အုပ်စု၏ သြဇာခံများဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် ကူညီထောက်ပံ့ရာတွင်လည်း NLD မှတဆင့် စီးဆင်းခြင်းဖြစ်ရာ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားအများစု ရှိနေသော NLD ဦးဆောင်သူများသည် ပြည်သူလူထု အတိဒုက္ခရောက်နေသည်ကို ဗန်းပြ၍ ရသမျှ ကူညီထောက်ပံ့မှုကို အလွဲသုံးစား လုပ်ခဲ့ကြခြင်းသာ များသည်။
ထိုသူများသည် တပ်မတော်နှင့် ဆန့်ကျင်ဘက်ပြုလျင် အနောက်အုပ်စု၏ အထောက်အပံ့ ရမည်ကို ကောင်းစွာသိ၍ တပ်မတော်နှင့် ပြည်သူကို သွေးခွဲသည့် နိုင်ငံရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်သည်။ အချို့သော တပ်မတော်သား အငြိမ်းစား အရာရှိများပင်လျင် သစ္စာဖောက်၍ အနောက်အုပ်စု၏ လက်ပါးစေ နိုင်ငံရေးလုပ်စားသူများနှင့် ပူးပေါင်းလှုပ်ရှားနေကြသည်ကို တွေ့မြင်နိုင်သည်။
NLD ပါတီသည် တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းကို မစွမ်းနိုင်သော်လည်း အဖျက်အမှောက် လုပ်ငန်းကိုတော့ သူမတူအောင် လုပ်နိုင်စွမ်းအား ကြီးမားသည်မှာ ၂၀၂၀ - ၂၀၂၅ အခင်းအကျင်းက သက်သေခံလျက်ရှိသည်။ မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရပြီးနောက် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ရာတွင် တိုင်းပြည်၏ အခြေခံအဆောက်အဦများကို ဖျက်ဆီးရုံမျှမက လူသားအရင်းအမြစ် တစ်ခုလုံးကိုပါ ဖျက်ဆီးသွားခဲ့သည်ကို သတိပြုမိကြပေလိမ့်မည်။
ပညာရေး၊ ကျန်းမာရေးကဏ္ဍများသည် နိုင်ငံရေးပဋိပက္ခနှင့် မသက်ဆိုင်သော ကိစ္စများဖြစ်သည်။ သို့သော် အနောက်အုပ်စု၏ လက်ပါးစေ အဖျက်စွမ်းအားကြီးမားသော လုပ်စား နိုင်ငံရေးသမားများက မျိုးဆက်သစ် လူငယ်များကို ကျောင်းမတက်နဲ့ ကျောင်းထွက်ဟု လှုံ့ဆော်၍ အကြမ်းဖက်သမားများအဖြစ် အသုံးချကာ တိုင်းပြည်၏ အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံများပါမကျန် ဖျက်ဆီးခဲ့ကြခြင်းက အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ခဲ့ခြင်းပင် ဖြစ်သည်။
အလုံးစုံပျက်သုဉ်းရေးအတွက် (နွေဦးတော်လှန်ရေး)အမည်ခံ အကြမ်းဖက်လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့သူများက ကျည်လွတ်မြေသို့ ထွက်ပြေးတိမ်းရှောင်ပြီး ပြည်သူလူထုအပေါ် ၎င်းတို့ ကျူးလွန်ခဲ့သမျှ ရက်စက်ယုတ်မာမှုများကို တပ်မတော်က ကျူးလွန်နေသယောင် ဝါဒဖြန့်နေသည်မှာလည်း လွန်စွာ အောက်တန်းကျသည့် လုပ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် အကြမ်းဖက်သမားဖြစ်ခဲ့ရသည့် NLD ပါတီကို ထောက်ခံအားပေးသူ လူငယ်များ KIA, KNU အစရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လက်အောက်တွင် များစွာ အတိဒုက္ခရောက်ခဲ့ကြရသည်။ ယခုအခါ နိုင်ငံတော်အစိုးရက လမ်းဖွင့်ပေးထားခြင်းကြောင့် အသိမှန် အမြင်မှန်ရသူများ ဥပဒေဘောင်အတွင်း ဝင်ရောက်ကာ မိသားစုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်ခွင့်ရနေသည်။ အကြမ်းဖက်အဖွဲ့များထဲမှ ရုန်းထွက်ရန် ခက်ခဲနေသူများလည်း ကျန်ရှိနေသေးသည်။ အကြမ်းဖက်အဖွဲ့များအတွင် ရှိနေသမျှ ကာလပတ်လုံး ပြည်ပြေး ဝရမ်းပြေး တို့၏ အသုံးချခံအဖြစ် တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်များကို လုပ်နေကြရအုံးမည်ဖြစ်သည်။
ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများကတော့ အကြမ်းဖက်လှုပ်ရှားမှုတွင် ၎င်းတို့ကိုင်တိုင် ပါဝင်ခြင်း မရှိဘဲ လူငယ်လူရွယ်များကို ဆက်လက်တိုက်ပွဲဝင်ရန် လှုံ့ဆော်နေခြင်းက မိမိတို့ကို ထောက်ခံအားပေးသည့် လူငယ်များအပေါ် စာနာမှုကင်းလွန်းရာ ရောက်နေသည်။
နိုင်ငံရေးအားပြိုင်မှု (သို့မဟုတ်) အာဏာရမ္မက်ထခြင်းသည် နည်းမှန်လမ်းမှန်ဖြင့် လုပ်ဆောင်မှသာ ယုတ္တိရှိသည်။ မိမိတို့ကိုယ်တိုင် ကျူးလွန်ခဲ့သည့် ပြည်လူထုအပေါ် ရက်စက်ယုတ်မာမှုများကို တစ်ဖက်အဖွဲ့အစည်းက ကျူးလွန်နေသယောင် လုပ်ကြံဖန်တီးဝါဒဖြန့်နေခြင်းများကို ပွင့်လင်းမြင်သာသော ခေတ်အခါတွင် ပြည်သူများက သိမြင်နားလည်လာကြပြီဖြစ်သည်။ တစ်ဖက်သတ် လုပ်ကြံဖန်တီးဝါဒဖြန့်ခြင်းများအပေါ် သိမြင်နားလည် လာသည့် ပြည်သူများအနေဖြင့်လည်း အနောက်အုပ်စု၏ သြဇာခံ ပြည်ပြေး ဝရမ်းပြေးများ၏ ရက်စက်ယုတ်မာမှုများကို ဘဝပေါင်းများစွာ ပေးဆပ်ပြီး ခါးစီးခံခဲ့ရသည်ဖြစ်ရာ အနောက်အုပ်စု၏ လက်ပါးစေ နိုင်ငံရေးလုပ်စားသူများကို လက်ခံနိုင်ခြင်း မရှိတော့ပေ။
နိုင်ငံရေးဟူသည် နိုင်ငံသားများ၏ ကောင်းကျိုးကို ရှေးရှုလုပ်ဆောင်ရခြင်းဖြစ်လေရာ ပြည်သူများ အတိဒုက္ခရောက်စေမည့် လုပ်ရပ်များကို လုပ်ဆောင်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးဝါဒဖြန့်ခြင်းများက နိုင်ငံကောင်းကျိုးအတွက် ရှေးရှုလုပ်ဆောင်ခြင်းမဟုတ်၊ နိုင်ငံရေးလုပ်စားခြင်း သက်သက်ပင် ဖြစ်သည်။ ထိုသို့သော နိုင်ငံရေးလုပ်စားသူများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်မဟုတ်။ ပြည်သူလူထု ကောင်းကျိုးခံစားရမည်မဟုတ်။ ဘေးဒုက္ခအမျိုးမျိုးသာ ကြုံတွေ့ခဲ့ရသည်။
မြန်မာ့နိုင်ငံရေးတွင် အနောက်အုပ်စု၏ လက်ပါးစေ နိုင်ငံရေးလုပ်စားသည့် မျိုးဆက်သည် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းမွေးထုတ်နေသည်ဖြစ်ရာ တိုင်းပြည်၏ ရှေ့ခရီးကို မျှော်တွေး သိမြင်၍ ပြည်သူများက ကျဉ်ဖယ်ကြဖို့ လိုသည်။ အဖျက်စွမ်းအား ကြီးမားသူများ နိုင်ငံရေးနယ်ပယ်တွင် ရှိနေခြင်းက တိုင်းပြည်တိုးတက်မှု နှောင့်နှေးစေရုံမျှမက တိုင်းပြည်နလန်မထူနိုင်တော့သည့် အခြေအနေကို ဆိုက်ရောက်လာပေသည်။ တိုင်းပြည်နလန်မထူခြင်းမှာ တပ်မတော်က အာဏာအကြိမ်ကြိမ်သိမ်းခြင်းကြောင့် မဟုတ်။ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ဖျက်ဆီးလျက်ရှိသော အနောက်အုပ်စု၏ လက်ပါးစေ ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများ၏ လက်ချက်ဖြစ်သည်ကို ပြည်သူများ သိမြင်နားလည်ကြပါလေ။
နိုင်ငံရေးတွင် မိမိတို့ စွမ်းနိုင်ပါက မိမိတို့ စွမ်းနိုင်သည့် တစ်ထောင့်တစ်နေရာမှာ ပါဝင်နိုင်သည်။ မိမိတို့ စွမ်းနိုင်ခြင်း မရှိပါကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်စွမ်း ရှိသူများကို အားပေးကြရမည်။ အချိန်နှင့်အမျှ နိုင်ငံရေးပြဿနာဖန်တီး၍ ညီညွတ်မှုပြိုကွဲအောင် လုပ်ဆောင်လျက်ရှိသော ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများကို ရှောင်ရှားကြရပေလိမ့်မည်။
#News #MNP

No comments:
Post a Comment