နေပြည်တော်၊ မေ ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့အရှေ့ဘက် အောင်မြေရိပ်သာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာအနီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော ဦးအောင်ဇေယျစေတီတော်မြတ်ကြီးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဘေးကြောင့် ပြိုကျပျက်စီးခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်နှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ကြူကြူလှတို့၏ လမ်းညွှန်ချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ရဲဝင်းဦးနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်နီလာတို့ ဦးဆောင်သော တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များ၊ စေတနာရှင် ဒေသခံအလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ရှေးမူမပျက် အောင်မြင်စွာတည်ဆောက် ပူဇော်နိုင်ခဲ့ပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒသီရိ အမှူးပြုသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။
အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက နေမျိုးနွယ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူ တို့က ဦးအောင်ဇေယျစေတီတော်ပုံတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ် ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြပြီး ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
၎င်းနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များကိုပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းကြကာ ရွှေထီးတော်တင်လှူပူဇော်ပြီး အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များက ဦးအောင်ဇေယျစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး အခမ်းအနားအပြီးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြ သည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment