ရန်ကုန်၊ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ အမြန်လမ်း(၁၆)မိုင်အနီး အရိယာမဏ္ဍိုင်တောရရိပ်သာမှ အဓမ္မဝါဒီဦးသူရိယ ၏ တပည့်၊ အရိယာမဏ္ဍိုင်တောရရိပ်သာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးထူးအောင်လွင်က ဦးအောင်မြိုင်၊ ဦးအောင်အောင် ဇော်တို့အား အရေးယူပေးပါရန် နိုင်ငံတော်သမ္မတ ထံ တိုင်ကြားထားမှုအတွက် လှည်းကူးခရိုင်ရဲတပ် ဖွဲ့မှ ခေါ်ယူစစ်ဆေးသဖြင့် ၂၉-၅-၂၀၂၆ ရက်နေ့က ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့ သွားရောက် အစစ်ခံ ထွက်ဆိုချက်ပေးခဲ့ကြောင်း သိရသည်။
အရိယာမဏ္ဍိုင်တောရ ရိပ်သာမှ ဦးသူရိယ ၏ ဟောပြောမှုများသည် ဓမ္မနှင့် လျော်ညီခြင်း မရှိသောကြောင့် ဓမ္မ/ အဓမ္မ အဆုံး အဖြတ် ပေးနိုင်ရန် ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော်တို့က နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ထံ စောဒနာတင်ခဲ့ကြသည်။
အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယ၏ ဟောပြောချက်များကို ဆရာဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့က ဖော်ထုတ်ဝေဖန် ထောက်ပြခဲ့သည့်အတိုင်းပင် ထေရဝါဒ ပိဋကသုံးပုံလာ တရားတော်များနှင့် မညီညွတ်တဲ့အတွက်ကြောင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀)က ၂၃-၅-၂၀၂၅ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်ကြေညာထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၃၀-၅- ၂၀၂၅ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ သံဃာ့အဖွဲ့ အစည်းများ၊ သာသာနာရေးအဖွဲ့အစည်းများထံ ညွန်ကြားလွှာ ထုတ်ပြန်ညွန်ကြားထားပြီး ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၆ အရ တားမြစ်မိန့် ထုတ်ပြန်တား မြစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
အရိယာမဏ္ဍိုင်တောရရိပ်သာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးထူးအောင်လွင်က ဦးအောင်မြိုင်၊ ဦးအောင်အောင် ဇော်တို့အား အရေးယူပေးပါရန် နိုင်ငံတော်သမ္မတ ထံ တိုင်ကြားထားမှုအတွက် လှည်းကူးခရိုင်ရဲတပ် ဖွဲ့မှ အစစ်ခံထွက်ဆိုချက်ပေးရန် ဆင့်ခေါ်ထားခြင်းအတွက် သွားခဲ့ခြင်းနှင့် ပတ်သက်၍ ဦးအောင်မြိုင် က "နံနက် ၁၁ နာရီတွင် ကိုအောင်အောင်ဇော်၊ ကိုရာဇာလင်းတို့နှင့်အတူ ကမာရွတ်မှ လှည်းကူးသို့ တက္က စီကားဖြင့် သွားကြပါတယ်။ အရိယာမဏ္ဍိုင်တောရရိပ်သာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးထူးအောင်လွင်က ဦးအောင်မြိုင်၊ ဦးအောင်အောင် ဇော်တို့အား အရေးယူပေးပါရန် နိုင်ငံတော်သမ္မတ ထံ တိုင်ကြားထားမှုအတွက် လှည်းကူးခရိုင်ရဲတပ် ဖွဲ့မှ အစစ်ခံထွက်ဆိုချက်ပေးရန် ဆင့်ခေါ်ထားခြင်းအတွက် သွားရခြင်းဖြစ်ပါတယ်။ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် လှည်းကူးခရိုင်ရဲ တပ်ဖွဲ့ရုံးသို့ ရောက်ပါ၏။ မကွေးကျောင်းဆရာတော်သည်လည်း လိုက်ပါသည်ဖြစ်ရာ အမြန်လမ်း ဇီးရိုးမိုင် လမ်းဆုံအကျော်တွင် ကားချင်း ဆုံကြပါတယ်။ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်မှ စ၍ အစစ်ခံထွက် ဆိုချက် ပေးရပါတယ်။ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ပြီးသွားပါတယ်။ အကြောင်းအချက်များကို ဖေ့စ်ဘုတ်တွင် မတင်ရန် မေတ္တာရပ်ခံချက် ရှိ၍ မတင်ပြနိုင်ပါ။ မေတ္တာရပ်ခံချက် သို့မဟုတ် တားမြစ်ချက်ကို အသိအမှတ်ပြုပါတယ်။ လက်ခံပါတယ်။" ဟု ပြောဆိုသည်။
ဦးသူရိယ၏ ဟောပြောချက်များမှာ ဗုဒ္ဓဓမ္မနှင့် လွဲချော်နေခြင်းကြောင့် တတ်သိပညာရှင်များက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ တင်ပြခဲ့ပြီး နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀)က ၂၃-၅-၂၀၂၅ ရက်နေ့တွင် ဦးသူရိယ အား အဓမ္မဝါဒီအဖြစ်လည်းကောင်း၊ ဟောပြောမှုများမှာ အဓမ္မဝါဒဖြစ်ကြောင်း၊ အဆိုပါ ဟောပြောချက်များနှင့် ဆက်စပ်သော ပစ္စည်းများမှာ အဓမ္မပစ္စည်းဖြစ်ကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း အဓမ္မဝါဒ ဦးသူရိယ က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀) မှ ဆရာတော်ကြီးများအား စော်ကားပြောဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။
အဓမ္မဝါဒကို ဖော်ထုတ်ခဲ့သည့် ဆရာဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့မှာ အဓမ္မဝါဒီ ဦးသူရိယ၏ တပည့်က စွဲဆိုသည့် အမှုအတွက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ယခုအခါ နိုင်ငံတော်သမ္မတထံ အဓမ္မဝါဒီ ဦးသူရိယ၏ တပည့် ဦးထူးအောင်လွင် က တိုင်ကြားမှုအပေါ် လှည်းကူးခရိုင်ရဲတပ် ဖွဲ့မှ ခေါ်ယူစစ်ဆေးခြင်းကြောင့် သွားရောက် အစစ်ခံ ထွက်ဆိုရခြင်းဖြစ်သည်။
ဦးသူရိယ သည် သံဃမဟာနာယက ဆရာတော်ကြီးများကို သောတာပန်ဖြစ်အောင် ဟောပြောချင်ကြောင်း၊ သံဃနာယကအဖွဲ့ကို သွားချင်လို့ စုံစမ်းနေတာ ကိုယ့်စရိတ်ကိုယ်စားပြီးတော့ သွားဟောပေးချင်တာဖြစ်ကြောင်း ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး သံဃမဟာနယက ခေါ်ယူစစ်ဆေးသည့်အခါ ရှောင်ပုန်းနေခဲ့သည်။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀) ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဆုံးဖြတ်ခဲ့သည့် ဆရာတော်ကြီးများအား လူမှုကွန်ရက်စာမျက်နှာမှ Live လွှင့်၍ မဖွယ်မရာ ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။
အဓမ္မဝါဒကို ဖော်ထုတ်ခဲ့သည့် ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့အား မန္တလေး၊ ရန်ကုန်၊ နေပြည်တော် မှ ဆရာတော်သံဃာတော်များက စုပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ဓမ္မဝိနယ ပိဋကသုံးပုံလာ တရားတော်များနှင့် မညီညွတ်သည့် အဓမ္မဝါဒများကို တည်ဆဲဥပဒေများနှင့်အညီ တားမြစ်ပိတ်ပင်နိုင်ရေးအတွက် ဖော်ထုတ်တင်ပြပေးမှုများကို အကြိမ်များစွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် "ဗုဒ္ဓသာသနပါလ ဓမ္မဝါဒီ" ဘွဲ့တံဆိပ်တော်ကို ပေးအပ်ချီးမြှင့် ဂုဏ်ပြုထားကြသည်။
#MNP #News



No comments:
Post a Comment